မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့် | စိတ်ကျဝေဒနာ

စိတ်ကျဝေဒနာ

စိတ်ကျဝေဒနာ

စိတ်ကျဝေဒနာဆိုတာဘာလဲ

ကျွန်တော့်မှာ သောကရောက်ပြီး အကြီးအကျယ်စိတ်ဓာတ်ကျနေတယ်။ ဝမ်းနည်းပက်လက်နဲ့ တစ်နေ့လုံး လျှောက်သွားနေတယ်။” —ဆာလံ ၃၈:၆၊ ကဘ။

ပညာရှင်တွေပြောဆိုရာ-

လူတိုင်းကတော့ တစ်ခါမဟုတ်တစ်ခါ စိတ်ဓာတ်ကျတတ်ကြတယ်။ ဒါပေမဲ့ စိတ်ကျဝေဒနာဆိုတာ မလုပ်ချင်မကိုင်ချင်ဖြစ်တဲ့အထိ အင်အားဆုတ်ယုတ်စေတဲ့ ရောဂါတစ်ခုဖြစ်ပြီး လူတစ်ဦးရဲ့ အသက်ရှင်နေထိုင်မှုကိုပါ ထိခိုက်ပါတယ်။ ဘယ်အရာက သာမန်စိတ်ဓာတ်ကျတာနဲ့ ဘယ်အရာကစိတ်ကျဝေဒနာ ဆိုတာနဲ့ပတ်သက်ပြီး ပညာရှင်တွေ အမြင်မတူကြပါဘူး။ ဒါပေမဲ့ လူတချို့ဟာ အချိန်အတော်ကြာ အပျက်သဘောအတွေးတွေကိုပဲတွေးနေပြီး ငါဟာ အသုံးမကျဘူး၊ အရမ်းအပြစ်ကြီးတယ် ဆိုတဲ့ခံစားချက်ဝင်နေတတ်တယ်။

သမ္မာကျမ်းစာပြောဆိုရာ-

အပျက်သဘောခံစားချက်မျိုးခံစားခဲ့ရတဲ့ လူတော်တော်များများအကြောင်းကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဥပမာ၊ ဟန္နဟာ “ညှိုးငယ်သောစိတ်” ခံစားခဲ့ရတယ်၊ အဲဒီစကားလုံးကို “စိတ်နှလုံးကြေကွဲ” တာ “အကြီးအကျယ်စိတ်သောကရောက်တာ” လို့လည်း ပြန်ဆိုနိုင်ပါတယ်။ (၁ ဓမ္မ ရာဇဝင် ၁:၁၀) ပရောဖက် ဧလိယဟာ အရမ်းကိုဝမ်းနည်းပြီး သေချင်တယ်လို့တောင် ဘုရားသခင်ဆီဆုတောင်းပြီး ပြောခဲ့တယ်။—၃ ဓမ္မရာဇဝင် ၁၉:၄

ပထမရာစုက ခရစ်ယာန်တွေကိုလည်း ‘စိတ်အားငယ်တဲ့သူတွေကို နှစ်သိမ့်စကား’ ပြောဖို့ အားပေးထားတယ်။ (၁ သက်သာလောနိတ် ၅:၁၄) စာအုပ်တစ်အုပ်အရ “စိတ်အားငယ်တဲ့သူ” ဆိုတာ “ဘဝဖိစီးမှုတွေကြောင့် အလွန်အမင်း စိတ်ဖိစီးမှုခံစားရသူတွေ” ကိုဆိုလိုပါတယ်။ သမ္မာကျမ်းစာခေတ်က သစ္စာရှိတဲ့သူတချို့တောင် စိတ်ကျဝေဒနာခံစားရတဲ့အချိန်တွေ ရှိတယ်ဆိုတာ ရှင်းပါတယ်။

စိတ်ကျဝေဒနာ ခံစားရတာက သူကိုယ်တိုင်ရဲ့ အမှားကြောင့်လား

“ဖန်ဆင်းခံသတ္တဝါအားလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွားနေကြ၏။” —ရောမ ၈:၂၂

သမ္မာကျမ်းစာပြောဆိုရာ–

ဖျားနာမှုဆိုတာ ပထမဦးဆုံးလူသားမောင်နှံရဲ့ မနာခံမှုကြောင့် ခံစားခဲ့ရတဲ့ ရလဒ်ဖြစ်တယ်လို့ သမ္မာကျမ်းစာကဆိုတယ်။ ဥပမာ၊ “အကျွန်ုပ်သည် မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏” လို့ ဆာလံ ၅၁:၅ မှာ ဖော်ပြထားတယ်။ ရောမ ၅:၂၁ မှာလည်း ဒီလိုရှင်းပြထားတယ်– “အပြစ်တရားသည် တစ်ယောက်သောသူ [ပထမဆုံးလူသား အာဒံ] အားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” ကျွန်ုပ်တို့ဟာ အာဒံဆီကနေ မစုံလင်မှုကို အမွေရခဲ့တဲ့အတွက် ကျွန်ုပ်တို့အားလုံးဟာ ကာယပိုင်းရော စိတ်ပိုင်းမှာပါ မကျန်းမမာ ဖြစ်လွယ်တယ်။ အကျိုးဆက်ကတော့ “ဖန်ဆင်းခံအရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဝေဒနာခံစားနေရ” ကြတယ်။ (ရောမ ၈:၂၂) ဒါပေမဲ့ ဆရာဝန်တွေမလုပ်ပေးနိုင်တဲ့ မျှော်လင့်ချက်တစ်ခုကိုလည်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဒီကမ္ဘာမြေကြီးဟာ စိတ်ကျဝေဒနာအပါအဝင် ဖျားနာမှုနဲ့ ရောဂါဝေဒနာအားလုံးကင်းဝေးပြီး ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာသစ်ဖြစ်လာမယ်ဆိုတဲ့ ဘုရားသခင့် ကတိတော်ဖြစ်တယ်။—ဗျာဒိတ် ၂၁:၄

စိတ်ကျဝေဒနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်သလဲ

“ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။”—ဆာလံ ၃၄:၁၈

ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာသိဖို့ ဘာကြောင့်အရေးကြီးတာလဲ–

အခြေအနေတွေကို သင်အမြဲထိန်းချုပ်လို့ မရနိုင်ဘူး။ တစ်ခါမဟုတ်တစ်ခါ အဖြစ်ဆိုးနဲ့ ကြုံရနိုင်ပါတယ်။ (ဒေသနာ ၉:၁၁၊ ၁၂) ဒါပေမဲ့ တစ်ချိန်လုံး အပျက်သဘောခံစားချက်တွေပဲ စဉ်းစားနေတာမျိုးမဖြစ်အောင် သင်လုပ်ဆောင်နိုင်တဲ့ လက်တွေ့ကျနည်းတွေရှိပါတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

ဖျားနာသူတွေဟာ ဆရာဝန်နဲ့ပြသင့်တယ်ဆိုတာကို သမ္မာကျမ်းစာက အသိအမှတ်ပြုပါတယ်။ (လုကာ ၅:၃၁) သင်ဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီးစိတ်ဓာတ်ကျတာမျိုး ခံစားနေရတယ်ဆိုရင် ဆရာဝန်ရဲ့အကူအညီယူတာ မမှားပါဘူး။ သမ္မာကျမ်းစာက ဆုတောင်းခြင်းရဲ့အစွမ်းတန်ခိုးကိုလည်း အလေးပေးဖော်ပြထားတယ်။ ဥပမာ၊ ဆာလံ ၅၅:၂၂ မှာ ဒီလိုဆိုထားတယ်– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။” ဆုတောင်းခြင်းဟာ သင့်စိတ်ကိုတည်ငြိမ်အောင် ကူညီပေးရုံလောက်သာမဟုတ်ပါဘူး၊ “နှလုံးကြေကွဲသောသူတို့” ရဲ့အနီးမှာရှိတဲ့ ယေဟောဝါဘုရားသခင်နဲ့ စကားပြောခြင်းဖြစ်ပါတယ်။—ဆာလံ ၃၄:၁၈

ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးကို သင့်ရဲ့ခံစားချက်တွေ ရင်ဖွင့်လိုက်ခြင်းကနေလည်း စိတ်သက်သာရာရနိုင်ပါတယ်။ (သုတ္တံ ၁၇:၁၇) ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ ဒံယယ်လ်က ဒီလိုပြောပါတယ်– “ယုံကြည်သူချင်းတစ်ဦးက ကျွန်မရဲ့စိတ်ကျဝေဒနာအကြောင်း ကြင်နာစွာအလိမ္မာသုံးပြီး မေးလာတယ်။ ဒီအကြောင်းကို တခြားသူတွေကို မပြောဘဲနေခဲ့တာ နှစ်နဲ့ချီကြာပြီ။ ဒါပေမဲ့ ရင်ဖွင့်လိုက်တာက ကျွန်မအတွက် အကူအညီအများကြီးဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။ ရင်ဖွင့်လိုက်တဲ့အခါ တော်တော်လေး စိတ်သက်သာသွားတယ်။”