မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေးဆုံးကိုင်ချိန်မှာ ကြုံရနိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းခြင်း

သွေးဆုံးကိုင်ချိန်မှာ ကြုံရနိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းခြင်း

“အကြောင်းမယ်မယ်ရရမရှိဘဲ တစ်ချိန်လုံး ဝမ်းနည်းနေတယ်။ ငိုလည်းငိုတယ်။ ငါ ရူးများရူးနေပြီလားလို့ စိုးရိမ်လာတယ်။”—ဒေါ်ချိုချို၊ * အသက် ၅၀။

“မနက် အိပ်ယာကနိုးလာတဲ့အခါ အိမ်က ရှုပ်ပွနေတယ်လို့ ခံစားရပြီး ကိုယ့်ရဲ့ပစ္စည်းတွေကို ရှာလို့မတွေ့ဘူး။ အရင်တုန်းက လွယ်လွယ်လေးလုပ်ခဲ့တဲ့အလုပ်တွေက အခုဆို အရမ်းခက်တဲ့အလုပ်တွေ ဖြစ်နေတယ်။ ဘာဖြစ်လို့အဲဒီလိုဖြစ်တယ်ဆိုတာကို မသိဘူး။”—ဒေါ်စန်းလေး၊ အသက် ၅၅ နှစ်။

ဒီအမျိုးသမီးတွေဟာ ဖျားနာနေသူတွေ မဟုတ်ပါဘူး။ အမျိုးသမီးတစ်ဦးရဲ့ဘဝမှာ အပြောင်းအလဲတစ်ခုဖြစ်ပြီး ပဋိသန္ဓေတည်နိုင်တဲ့အခြေအနေ မရှိတော့တဲ့ သွေးဆုံးကိုင်ဝေဒနာကို ခံစားနေကြရတာဖြစ်တယ်။ သင်ဟာ အမျိုးသမီးတစ်ဦးဖြစ်မယ်ဆိုရင် သွေးဆုံးခါနီးပြီလား။ သွေးဆုံးကိုင်ဝေဒနာ ခံစားနေရသူလား။ ဘယ်လိုပဲဖြစ်ပါစေ သင်နဲ့ သင့်မိသားစုဟာ ဒီအပြောင်းအလဲအကြောင်း သိထားမယ်ဆိုရင် သွေးဆုံးချိန်မှာ ကြုံရနိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် အကူအညီဖြစ်ပါလိမ့်မယ်။

သွေးဆုံးချိန်အပြောင်းအလဲ

သွေးဆုံးကိုင်ချိန်လို့ပြောတဲ့အခါ သွေးဆုံးခါနီးအချိန်တွေရော သွေးဆုံးပြီးသွားတဲ့အချိန်တွေပါ ပါဝင်ပါတယ်။ * အဲဒီအချိန်တွေအားလုံးကိုခြုံပြီး သွေးဆုံးကိုင်ချိန်လို့ သုံးနှုန်းသွားပါမယ်။

အမျိုးသမီးအများစုက အသက် ၄၀ ကျော်လာပြီဆိုရင် သွေးဆုံးချင်တဲ့ အရိပ်အယောင်ပြလာကြပါတယ်။ အနည်းငယ်ကတော့ အသက် ၆၀ ကျော်မှ သွေးဆုံးကိုင်ကြတယ်။ အများစုကတော့ မီးယပ်လာတာ တဖြည်းဖြည်းနည်းသွားပြီး ရပ်သွားကြတယ်။ ဟော်မုန်းမထွက်တော့တဲ့အတွက် အမျိုးသမီးတစ်ဦးဟာ မီးယပ်လာချိန်မှာမလာတာမျိုး၊ အချိန်မတန်ဘဲလာတာမျိုး၊ အလွန်အမင်းလာတာမျိုးတွေ ဖြစ်နိုင်တယ်။ အမျိုးသမီးအနည်းငယ်မှာတော့ နေ့ချင်းညချင်းလို့ပြောရမလို မီးယပ်လာတာ ရုတ်ခြည်း ရပ်သွားကြတယ်။

“အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် သွေးဆုံးကိုင်တဲ့ဝေဒနာခံစားရတာချင်း မတူကြဘူး။ အများစုမှာဖြစ်တတ်တဲ့ ဝေဒနာကတော့ ရုတ်တရက် ပူလာလိုက်၊ ပြီးတဲ့နောက် ချမ်းလာလိုက်နဲ့ဖြစ်တတ်တယ်။” အဲဒီလိုဖြစ်ရင် အိပ်မပျော်တာ၊ အားမရှိ နုံးခွေတာတွေ ဖြစ်နိုင်တယ်။ ဘယ်လောက်ကြာကြာ အဲဒီလို ခံစားရနိုင်သလဲ။ “အမျိုးသမီးတချို့က မီးယပ်ပူမီးယပ်ချမ်းဝေဒနာကို သွေးဆုံးကာလ တစ်နှစ်၊ နှစ်နှစ်လောက် ခံစားရပေမဲ့ တခြားသူတွေကျတော့ နှစ်ပေါင်းများစွာ ခံစားကြရတယ်။ အနည်းငယ်လောက်ကတော့ မီးယပ်ပူမီးယပ်ချမ်းဝေဒနာကို သူတို့ဘဝတစ်လျှောက်လုံးမှာ တစ်ခါတစ်ခါ ခံစားသွားကြရတယ်” လို့ စာအုပ်တစ်အုပ် (The Menopause Book) မှာ ဖော်ပြထားတယ်။ *

အမျိုးသမီးတစ်ဦးဟာ ဟော်မုန်းအပြောင်းအလဲကြောင့် အလွန်အမင်းစိတ်ဓာတ်ကျတာ၊ စိတ်မတည်မငြိမ်ဖြစ်တာတွေခံစားရပြီး စိတ်ထိခိုက်လွယ်တာ၊ အာရုံစူးစိုက်မှုနည်းတာ၊ မှတ်ဉာဏ်မကောင်းတော့တာတွေ ဖြစ်တတ်တယ်။ “အမျိုးသမီးတစ်ယောက်ဟာ တစ်ချိန်ထဲမှာ အဲဒီဝေဒနာအားလုံးခံစားရတာမျိုးတော့ ရှားပါတယ်” လို့ အထက်မှာဖော်ပြခဲ့တဲ့ စာအုပ်ကဆိုတယ်။ သွေးဆုံးကိုင်ဝေဒနာအနည်းငယ် ဒါမှမဟုတ် ဘာဝေဒနာမှမခံစားရတဲ့သူတချို့လည်း ရှိကြတယ်။

ရင်ဆိုင်ဖြေရှင်းနိုင်ပုံ

အစားအသောက်၊ အနေအထိုင် နည်းနည်းပြောင်းလိုက်ရုံနဲ့ ခံစားရတဲ့ဝေဒနာတချို့ကို လျော့ပါးစေနိုင်ပါတယ်။ ဥပမာ၊ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်ဖြတ်လိုက်ခြင်းအားဖြင့် မီးယပ်ပူမီးယပ်ချမ်းဝေဒနာကို သက်သာစေနိုင်တယ်။ အမျိုးသမီးများစွာဟာ မီးယပ်ပူ မီးယပ်ချမ်းဝေဒနာဖြစ်အောင် အားပေးတဲ့ အရက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဟင်းခတ်အမွှေးအကြိုင်များတဲ့အစားအစာ၊ ချိုလွန်းတဲ့အစားအစာတွေကို အသင့် အတင့်ပဲစားတာ ဒါမှမဟုတ် ရှောင်တာစတဲ့ စားသောက်ပုံပြောင်းလိုက်တာကနေလည်း အကျိုးရရှိကြတယ်။ မျှတပြီး အာဟာရရှိတဲ့အစားအစာ စားဖို့တော့ အရေးကြီးပါတယ်။

လေ့ကျင့်ခန်းလုပ်တာကလည်း သွေးဆုံးကိုင်ဝေဒနာတွေနည်းအောင် များစွာအထောက်အကူပြုပါတယ်။ ဥပမာ၊ လေ့ကျင့်ခန်းလုပ်တာက အိပ်မပျော်တဲ့ရောဂါကို သက်သာစေပြီး စိတ်မတည်မငြိမ်ဖြစ်မှုတွေလည်း သိသိသာသာကောင်းလာစေတဲ့အပြင် အရိုးတွေသန်စွမ်းစေတယ်၊ ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်။ *

ပွင့်ပွင့်လင်းလင်းပြောပါ

အစပိုင်းမှာဖော်ပြခဲ့တဲ့ ဒေါ်ချိုချိုက ဒီလိုပြောတယ်– “ကြိတ်မှိတ်ပြီးခံစားနေစရာမလိုဘူး။ ကိုယ့်ရဲ့အိမ်သားတွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားမယ်ဆိုရင် ကိုယ့်မှာဖြစ်နေတာတွေကို သူတို့သတိပြုမိတဲ့အခါ သိပ်စိုးရိမ်တော့မှာမဟုတ်ဘူး။” ကိုယ့်အပေါ် ပိုစိတ်ရှည်လာနိုင်ပြီး နားလည်ပေးကြမှာဖြစ်တယ်။ “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏” ဆိုပြီး ၁ ကောရိန္သု ၁၃:၄ မှာပြောထားတယ်။

သန္ဓေတည်နိုင်တဲ့အစွမ်း မရှိတော့တဲ့အတွက် ဝမ်းနည်း နေတဲ့သူတွေအပါအဝင် အမျိုးသမီးများစွာဟာ ဆုတောင်းခြင်းကနေလည်း အကျိုးရကြတယ်။ “ဘုရားသခင်သည် ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏” ဆိုပြီး သမ္မာကျမ်းစာမှာ ပြောထားတယ်။ (၂ ကောရိန္သု ၁:၄) သွေးဆုံးကိုင်တယ်ဆိုတာ ယာယီခံစားရတဲ့ဝေဒနာဖြစ်တယ်ဆိုတာ သိထားတာကလည်း နှစ်သိမ့်မှုရကြတယ်။ ကိုယ့်ကျန်းမာရေးကိုဂရုစိုက်တဲ့ အမျိုးသမီးတွေဟာ သွေးဆုံးပြီးနောက်မှာ ခွန်အား ပြန်ပြည့်လာကြပြီး နောက်နှစ်ပေါင်းများစွာ ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါတယ်။

^ အပိုဒ်၊ 2 နာမည်တွေကို ပြောင်းထားပါတယ်။

^ အပိုဒ်၊ 6 ၁၂ လလုံးလုံး မီးယပ်မပေါ်တော့ဘူးဆိုရင် အဲဒီနောက်ပိုင်းအချိန်ကို ဆရာဝန်တွေက သွေးဆုံးသွားပြီလို့ သတ်မှတ်ကြတယ်။

^ အပိုဒ်၊ 8 လည်မျိုဂလင်းကြောင့်ဖြစ်တဲ့ရောဂါ၊ တချို့ကူးစက်ရောဂါနဲ့ သောက်ဆေးတချို့ကြောင့်လည်း ရုတ်တရက် ပူလာလိုက်၊ ပြီးတဲ့နောက် ချမ်းလာလိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။ ရုတ်တရက် ပူလာလိုက်၊ ပြီးတဲ့နောက် ချမ်းလာလိုက်ဝေဒနာခံစားနေရတာဟာ သွေးဆုံးကိုင်တဲ့ဝေဒနာလို့ မသတ်မှတ်ခင် အဲဒီအချက်တွေကိုလည်း ထည့်ဆန်းစစ်သင့်ပါတယ်။

^ အပိုဒ်၊ 12 ဆရာဝန်တွေဟာ သွေးဆုံးကိုင်ဝေဒနာခံစားနေရတဲ့သူတွေကို ဟော်မုန်းပါတဲ့ဆေးတွေ၊ ဖြည့်စွက်အစာတွေနဲ့ စိတ်ကျတာကိုသက်သာစေတဲ့ဆေးတွေ သောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။ နိုးလော့! က ဆေးကုသနည်းတစ်မျိုးမျိုးကို ထောက်ခံတာမျိုး မလုပ်ပါ။