မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့် | အိမ်ထောင်ပြုခြင်း

အိမ်ထောင်ပြုခြင်း

အိမ်ထောင်ပြုခြင်း

အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ဦးသဘောတူပေါင်းဖက်ရုံ လောက်ပဲလား

“ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်။” မဿဲ ၁၉:၆

သမ္မာကျမ်းစာပြောဆိုရာ–

ဘုရားသခင်အမြင်မှာ အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ဦး သဘောတူပေါင်းဖက်ရုံလောက်ပဲ မဟုတ်ဘူး။ ဘုရားသခင်အစပြုခဲ့ရာဖြစ်တဲ့အတွက် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အလေးအနက်သဘောထားသင့်တဲ့ မြင့်မြတ်တဲ့ပေါင်းဖက်မှုဖြစ်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ဖန်ဆင်းတော်မူစက ‘ဘုရားသခင်သည် ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကို စွန့်ခွာ၍ ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။’ . . . ဘုရားသခင် တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်။” *မာကု ၁၀:၆-၉; ကမ္ဘာဦး ၂:၂၄

“ဘုရားသခင်တွဲဖက်ထားသူတို့” ဆိုတဲ့စကားလုံးက သူတို့နှစ်ယောက်ကို ကောင်းကင်ကနေ ဘုရားသခင်တွဲဖက်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ဘုရားသခင်ကို အိမ်ထောင်အစီအစဉ်ရဲ့ အစပြုရှင်အဖြစ် ဖော်ပြထားခြင်းက အိမ်ထောင်ပြုခြင်းဟာ အလေးအနက်ထားသင့်တဲ့အရာဖြစ်တယ်ဆိုတာကို သမ္မာကျမ်းစာက ဖော်ပြနေခြင်းဖြစ်တယ်။ အိမ်ထောင်ရေးဟာ မြင့်မြတ်တယ်၊ ထာဝရပေါင်းဖက်ဖို့ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုတဲ့ စုံတွဲတွေဟာ အိမ်ထောင်သာယာအောင် ကြိုးစားမယ်ဆိုတဲ့စိတ် ရှိကြတယ်။ အဲဒီအပြင် ခင်ပွန်းသည်နဲ့ ဇနီးသည်ရဲ့ တာဝန်ဝတ္တရားတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာလမ်းညွှန်ချက်တွေကိုလည်း ကြိုးစားလိုက်နာတဲ့အခါ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ဖြစ်ဖို့ အလားအလာပိုရှိတယ်။

ခင်ပွန်းသည်ရဲ့တာဝန်က ဘာလဲ

“ခင်ပွန်းသည် ဇနီး၏ဦးခေါင်းဖြစ်၏။” ဧဖက် ၅:၂၃

သမ္မာကျမ်းစာပြောဆိုရာ–

စည်းကမ်းရှိတဲ့ မိသားစုတစ်ခုဖြစ်ဖို့ အိမ်ထောင်မှာ ဆုံးဖြတ်ချက်ချပေးတဲ့သူတစ်ဦး ရှိဖို့လိုပါတယ်။ သမ္မာကျမ်းစာက အဲဒီတာဝန်ကို ခင်ပွန်းဖြစ်သူကို ပေးထားတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူဟာ အာဏာပြဖို့၊ နိုင်ထက်စီးနင်းလုပ်ဖို့ အဲဒီတာဝန်ကို သုံးခွင့်မရှိဘူး။ အဲဒီတာဝန်ကိုမယူဘဲ ရှောင်လို့လည်း မရပါဘူး။ အဲဒီတာဝန်ကိုရှောင်မယ်ဆိုရင် ဇနီးရဲ့လေးစားမှုရမှာမဟုတ်သလို ဇနီးအပေါ် မတင်သင့်တဲ့ဝန်ကိုတင်ရာ ရောက်ပါတယ်။ ခင်ပွန်းသည်ဟာ ဇနီးကို ကျွေးမွေးစောင့်ရှောက်ဖို့၊ ဇနီးကို အရင်းနှီးဆုံးနဲ့ ယုံကြည်စိတ်ချရတဲ့အဖော်အဖြစ် ဂုဏ်တင်ဖို့ ဘုရားသခင် မျှော်လင့်ပါတယ်။ (၁ တိမောသေ ၅:၈; ၁ ပေတရု ၃:၇) “ခင်ပွန်းသည်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ဇနီးကို ချစ်သင့်၏” ဆိုပြီးတော့လည်း ဧဖက် ၅:၂၈ မှာ ဖော်ပြထားပါတယ်။

ဇနီးကိုချစ်တဲ့ ခင်ပွန်းတစ်ဦးဟာ ဇနီးရဲ့ အရည်အသွေးတွေ၊ အစွမ်းအစတွေကို တန်ဖိုးထားပြီး ဇနီးရဲ့သဘောထားကိုလည်း ထည့်စဉ်းစားပေးမှာဖြစ်တယ်၊ အထူးသဖြင့် မိသားစုနဲ့ဆိုင်တဲ့ ကိစ္စတွေမှာဖြစ်တယ်။ ငါက အိမ်ထောင်ဦးစီး ဆိုပြီး ကိုယ့်သဘောအတိုင်းလုပ်ဖို့ အတင်းအကျပ်မတိုက်တွန်းသင့်ပါဘူး။ ဘုရားသခင်ကိုကြောက်ရွံ့သူအမျိုးသားတစ်ဦးဖြစ်တဲ့ အာဗြဟံဟာ မိသားစုကိစ္စနဲ့ပတ်သက်ပြီး ဇနီးရဲ့ အကြံဉာဏ်ကောင်းကို လက်မခံတဲ့အခါ ယေဟောဝါဘုရားသခင်က “သူ၏စကားကိုနားထောင်လော့” ဆိုပြီး အာဗြဟံကို ပြောခဲ့တယ်။ (ကမ္ဘာဦး ၂၁:၉-၁၂) အာဗြဟံဟာ နှိမ့်ချစွာလက်ခံခဲ့တဲ့အတွက် သူ့မိသားစုဟာ ပျော်ရွှင်စည်းလုံးခဲ့တယ်၊ ဘုရားသခင့်ကောင်းချီးကိုလည်း ခံစားခဲ့ရတယ်။

ဇနီးသည်ရဲ့တာဝန်က ဘာလဲ

“ဇနီးတို့ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။” ၁ ပေတရု ၃:၁

သမ္မာကျမ်းစာပြောဆိုရာ–

ပထမဆုံးလူယောက်ျားအတွက် ဇနီးတစ်ဦးမဖန်ဆင်းခင် ဘုရားသခင်က “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်” လို့ပြောခဲ့တယ်။ (ကမ္ဘာဦး ၂:၁၈) အထောက်အမတစ်ခုဆိုတာ တစ်စုံတစ်ရာကို ပြီးပြည့်စုံသွားအောင် ဖြည့်ပေးတဲ့အရာဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်က အမျိုးသမီးကိုဖန်ဆင်းတဲ့အခါ ယောက်ျားနဲ့တစ်ထပ်တည်းတူအောင် ဒါမှမဟုတ် ပြိုင်ဘက်တစ်ဦးအနေနဲ့မဟုတ်ဘဲ ပေါင်းစပ်တဲ့အခါ ပြီးပြည့်စုံသွားတာမျိုးဖြစ်အောင် ဖန်ဆင်းခဲ့တယ်။ သူတို့နှစ်ဦးဟာ သားသမီးတွေမွေးဖွားပြီး ကမ္ဘာပေါ်လူသားတွေနဲ့ပြည့်စေရမယ်ဆိုတဲ့ ဘုရားပေးတာဝန်ကို အတူလုပ်ဆောင်နိုင်မှာဖြစ်တယ်။—ကမ္ဘာဦး ၁:၂၈

ဘုရားပေးတာဝန်ကို အမျိုးသမီးတစ်ဦး လုပ်ဆောင်နိုင်အောင် ဘုရားသခင်က အကောင်းဆုံးကိုယ်ခန္ဓာပုံစံနဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို ပေးထားပါတယ်။ အဲဒါတွေကို ပညာရှိရှိ၊ မေတ္တာပါပါ အသုံးပြုတဲ့အခါ အိမ်ထောင်သာယာအောင် များစွာကူညီပေးရာရောက်တဲ့အပြင် ခင်ပွန်းဖြစ်သူ စိတ်ကျေနပ်မှာဖြစ်ပြီး စိတ်ချလက်ချရှိမှာဖြစ်တယ်။ အဲဒီလိုမိန်းမကောင်းတွေဟာ ဘုရားသခင့်အမြင်မှာ ချီးမွမ်းခံထိုက်တဲ့သူတွေဖြစ်ပါတယ်။ *သုတ္တံ ၃၁:၂၈၊ ၃၁

^ အပိုဒ်၊ 5 သမ္မာကျမ်းစာအရ ကွာရှင်းခွင့်ရှိတဲ့ တစ်ခုတည်းသောအကြောင်းရင်းက လိင်မှုဖောက်ပြန်ခြင်းဖြစ်ပါတယ်။—မဿဲ ၁၉:၉

^ အပိုဒ်၊ 14 အိမ်ထောင်နဲ့ မိသားစုအတွက် အထောက်အကူပြုတဲ့ အကြံပြုချက်တွေကို နိုးလော့!မှာ ပုံမှန်ပါတဲ့ “မိသားစုတွေအတွက် အကူအညီ” ကဏ္ဍမှာ တွေ့နိုင်ပါတယ်။