မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှု၏ သော့ချက်များ

သင့်အိမ်ထောင်ရေး ကတိသစ္စာကို စောင့်ထိန်းခြင်း

သင့်အိမ်ထောင်ရေး ကတိသစ္စာကို စောင့်ထိန်းခြင်း

ဇနီးသည် အပြော– “ကျွန်မအမျိုးသား မိုက်ကယ်ရဲ့စိတ်က ကျွန်မဆီမှာ မရှိဘဲ သူစိမ်းဆန်နေမှန်း သတိပြုမိတာ တော်တော်ကြာပြီ။ သားသမီးတွေကိုလည်း အေးတိအေးစက် ဆက်ဆံတယ်။ * အင်တာနက်ချိတ်ပြီး မကြာခင်မှာ အဲဒီလို ပြောင်းလဲသွားတာပဲ။ ညစ်ညမ်းတဲ့ရုပ်ပုံတွေကိုများ သူ ကြည့်နေသလားလို့ ကျွန်မ သံသယဖြစ်မိတယ်။ တစ်ည၊ ကလေးတွေအိပ်သွားပြီးတဲ့နောက် သူ့ကို မေးကြည့်တော့ ဝက်ဆိုဒ်ပေါ်က ညစ်ညမ်းတဲ့ရုပ်ပုံတွေကို ကြည့်နေမိတဲ့အကြောင်း ဝန်ခံခဲ့တယ်။ ကျွန်မ အရမ်းစိတ်ပျက်သွားတယ်။ လုံးဝမယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။ သူ့ကို လုံးဝမယုံတော့ဘူး။ ပိုဆိုးတာက မကြာသေးခင်ကပဲ အလုပ်ဖော် တစ်ယောက်က ကျွန်မကို စိတ်ဝင်စားမှု ပြလာတယ်။”

ခင်ပွန်းသည် အပြော– “သိပ်မကြာခင်တုန်းက ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ ပုံတချို့ကို ကျွန်တော့်ဇနီး မာရီယာ တွေ့သွားပြီး အဲဒီအကြောင်း မေးလာတယ်။ ညစ်ညမ်းတဲ့ဝက်ဆိုဒ်တွေကို ပုံမှန်ကြည့်ဖြစ်တယ်လို့ ဝန်ခံလိုက်တော့ သူအရမ်းဒေါသထွက်သွားတယ်။ ကျွန်တော် အရမ်းရှက်သွားပြီး အပြစ်ရှိတယ်လို့ ခံစားရတယ်။ ဒါဟာ ကျွန်တော်တို့အိမ်ထောင်ရဲ့ ဇာတ်သိမ်းပဲလို့ ထင်တယ်။”

မိုက်ကယ်နှင့် မာရီယာတို့၏ ဆက်ဆံရေးတွင် ဘာဖြစ်ခဲ့သည်ဟု သင်ထင်သနည်း။ မိုက်ကယ်၏ အဓိကပြဿနာမှာ ညစ်ညမ်းစာပေရုပ်ပုံများ ကြည့်ခြင်းဖြစ်သည်ဟု သင်ထင်ပေမည်။ သို့သော် မိုက်ကယ် သဘောပေါက်လာသည့်အတိုင်း ဤအကျင့်ပျက်မှုသည် အိမ်ထောင်တွင် သာ၍ကြီးမားသော ပြဿနာရှိနေကြောင်း ပြသည်၊ ယင်းမှာ အိမ်ထောင်ရေးကတိသစ္စာ မရှိတော့ခြင်း ဖြစ်သည်။ * မိုက်ကယ်နှင့် မာရီယာတို့ ထိမ်းမြားခဲ့စဉ်က မေတ္တာလွှမ်းခြုံပြီး ပျော်ရွှင်ဖွယ်ဘဝကို မျှော်လင့်ခဲ့ကြသည်။ သို့သော် အိမ်ထောင်သည်များစွာနည်းတူ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ အိမ်ထောင်ရေးကတိသစ္စာသည် ချည့်နဲ့လာပြီး တစ်ဦးနှင့်တစ်ဦး စိမ်းကားလာပုံရသည်။

အချိန်ကြာလာသည်နှင့်အမျှ သင်နှင့် သင့်အိမ်ထောင်ဖက်ကြားရှိ နှောင်ကြိုးလည်း လျော့ရဲလာသည်ဟု သင်ခံစားရပါသလော။ ထိုနှောင်ကြိုးကို ပြန်ခိုင်မာလာစေလိုပါသလော။ သို့ဖြစ်ပါက ဤမေးခွန်းသုံးခု၏ အဖြေကို သိဖို့ လိုသည်– အိမ်ထောင်ရေးကတိသစ္စာတည်ခြင်းဟူသည် အဘယ်နည်း။ ထိုကတိသစ္စာကို အားနည်းသွားစေနိုင်သည့် စိန်ခေါ်ချက်များကား အဘယ်နည်း။ သင့်အိမ်ထောင်ဖက်အပေါ် သင့်ကတိသစ္စာ ခိုင်မာစေရန် အဘယ်အရာ ပြုလုပ်နိုင်သနည်း။

ကတိသစ္စာဟူသည် အဘယ်နည်း

အိမ်ထောင်ရေးကတိသစ္စာကို သင် မည်သို့ အနက်ဖွင့်မည်နည်း။ ယင်းသည် တာဝန်ရှိသည်ဟူသော အသိစိတ်မှ ဖြစ်ပေါ်လာသည်ဟု လူများစွာ ဆိုကြပေမည်။ ဥပမာ၊ မောင်နှံတစ်စုံသည် သားသမီးများကြောင့် သို့မဟုတ် အိမ်ထောင်အစပြုရှင် ဘုရားသခင်ရှေ့တွင် တာဝန်ရှိသည်ဟူသောစိတ်ကြောင့် အိမ်ထောင်ရေးကတိသစ္စာ စောင့်ထိန်းကြခြင်း ဖြစ်ပေမည်။ (ကမ္ဘာဦး ၂:၂၂-၂၄) ထိုသို့သောသဘောထားများသည် အမှန်လေးစားဖွယ်ဖြစ်ပြီး ခက်ခဲသောအချိန်များတစ်လျှောက် သစ္စာရှိနိုင်ရန် ကူညီပေးပါမည်။ သို့သော် အိမ်ထောင်တွင် ပျော်ရွှင်မှုခံစားရရန်မှာ အိမ်ထောင်ဖက်များသည် တစ်ဦးပေါ်တစ်ဦး တာဝန်ရှိသည်ဟူသော အသိစိတ်ရှိခြင်းထက်မက ပိုလိုအပ်သည်။

မောင်နှံစုံများအနေဖြင့် နက်ရှိုင်းသော ပျော်ရွှင်မှု၊ ကျေနပ်ရောင့်ရဲမှုခံစားရရန် အိမ်ထောင်ရေးကို ယေဟောဝါဘုရားသခင် ပုံစံပြုထားသည်။ ယောက်ျားသည် “[မိမိ] မယားနှင့်အတူ ပျော်မွေ့” ရန်၊ မိန်းမသည် မိမိခင်ပွန်းကို ချစ်မြတ်နိုးပြီး မိမိခင်ပွန်းသည် သူ့ကိုယ်သူချစ်သကဲ့သို့ မိမိကိုချစ်မြတ်နိုးသည်ဟု ခံစားရရန် ကိုယ်တော် ရည်ရွယ်တော်မူသည်။ (သု. ၅:၁၈။ ဧဖက် ၅:၂၈) အိမ်ထောင်တွင် ထိုသို့သော နှောင်ကြိုးရှိလာရန် မောင်နှံစုံသည် တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချဖို့ သင်ယူရမည်။ ထပ်တူထပ်မျှ အရေးကြီးသည်မှာ သူတို့သည် ရာသက်ပန်အတွက် အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်ရန်လည်း လိုသည်။ အမျိုးသားနှင့် အမျိုးသမီးသည် တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချလာပြီး အကောင်းဆုံးမိတ်ဆွေလည်း ဖြစ်လာပြီဆိုပါက သူတို့၏ အိမ်ထောင်ရေးကတိသစ္စာ ခိုင်ခံ့လာပါလိမ့်မည်။ သူတို့ကြားရှိ နှောင်ကြိုးသည် ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း လူနှစ်ဦး “တစ်သားတစ်ကိုယ်တည်း” ဖြစ်လာသည့်နှယ် အလွန်ရင်းနှီးခိုင်မြဲ နေပါလိမ့်မည်။—မဿဲ ၁၉:၅

ထို့ကြောင့် ကတိသစ္စာကို အလွန်ခိုင်ခံ့သော အိမ်တစ်လုံး၏ အုတ်များကို ပူးကပ်နေစေသည့် အင်္ဂတေနှင့် နှိုင်းယှဉ်နိုင်ပါသည်။ အင်္ဂတေသည် သဲ၊ ဘိလပ်မြေနှင့် ရေတို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။ အလားတူ ကတိသစ္စာသည်လည်း တာဝန်ရှိမှု၊ ယုံကြည်စိတ်ချမှုနှင့် မိတ်ဆွေဖြစ်မှုဟူသော အချက်များ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ဆိုလျှင် ထိုနှောင်ကြိုးကို အဘယ်အရာက လျော့ရဲသွားစေနိုင်သနည်း။

စိန်ခေါ်ချက်များကား အဘယ်နည်း

ကတိသစ္စာတည်နိုင်ရန် ကြိုးစားအားထုတ်မှုနှင့် ကိုယ်ကျိုးစွန့်မှု လိုအပ်သည်။ သင့်အိမ်ထောင်ဖက် ပျော်ရွှင်ကျေနပ်စေရန် သင့်အကြိုက်များကို စွန့်လွှတ်လိုက်ဖို့ လိုအပ်ပေမည်။ သို့သော် ‘ငါဘာပြန်ရမလဲ’ ဟုပင် မစဉ်းစားဘဲ ပေးလိုက်ခြင်း၊ တစ်နည်းအားဖြင့် အခြားသူတစ်ဦး၏ဆန္ဒများကို အလျှော့ပေးလိုက်လျောခြင်းဟူသော အယူအဆသည် ယနေ့ခေတ်တွင် လူကြိုက်မများတော့ပေ၊ အချို့အတွက် လက်မခံနိုင်စရာပင် ဖြစ်သည်။ သို့သော် ‘အတ္တကြီးတဲ့သူ ဘယ်နှစ်ယောက်ကများ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ကို ပိုင်ဆိုင်ထားတာ ငါတွေ့ဖူးသလဲ’ ဟု ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ အဖြေမှာ ထိုသို့သောသူရှိလျှင်ပင် အလွန်ရှားသည်။ အဘယ်ကြောင့်နည်း။ အိမ်ထောင်ကတိသစ္စာတည်ရန် ကိုယ်ကျိုးစွန့်ရတော့မည့် အချိန်များတွင် အတ္တကြီးသူသည် ကတိသစ္စာတည်တော့မည် မဟုတ်ပေ၊ အထူးသဖြင့် မည်သည့် အလျှော့ပေးလိုက်လျောမှုအတွက်မဆို ချက်ချင်းအကျိုးအမြတ် မရလျှင် ဖြစ်သည်။ ရည်းစားဘဝတွင် မည်မျှပင် ချစ်ကြိုက်ခဲ့ပါစေ ကတိသစ္စာမရှိပါက ထိုမေတ္တာသည် တဖြည်းဖြည်း လျော့နည်းလာပြီး စိမ်းကားသွားပါလိမ့်မည်။

အိမ်ထောင်ရေးသည် ခက်ခဲကြောင်း ကျမ်းစာက လက်တွေ့ကျကျ အသိအမှတ် ပြုပါသည်။ ‘ခင်ပွန်းရှိသောသူမူကား မိမိမယား၏စိတ်နှင့် တွေ့စေခြင်းငှာ လောကအမှုကို သတိထားတတ်’ ပြီး ‘ခင်ပွန်းရှိသော မိန်းမမူကား မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှာ လောကအမှုကို သတိထားတတ်၏’ ဟု ကျမ်းစာက ဆိုသည်။ (၁ ကောရိန္သု ၇:၃၃၊ ၃၄) ပုံမှန်အားဖြင့် အတ္တမကြီးသူများပင် မိမိအိမ်ထောင်ဖက်၏ စိုးရိမ်ပူပန်မှုများကို အမြဲအသိအမှတ်ပြုကြသည် မဟုတ်၊ သူတို့၏ ကိုယ်ကျိုးစွန့်မှုများကို အမြဲတန်ဖိုးထားကြသည် မဟုတ်ပေ။ မောင်နှံစုံသည် တစ်ဦးကိုတစ်ဦး တန်ဖိုးထားလေးမြတ်ကြောင်း မဖော်ပြတော့လျှင် အိမ်ထောင်ရေးက သူတို့ကို ပို၍ “ညှဉ်းဆဲခြင်းဒုက္ခ” ခံစားရစေပါလိမ့်မည်။—၁ ကောရိန္သု ၇:၂၈

ခက်ခဲသောနေ့ရက်များကို အတူကျော်ဖြတ်ပြီး လှပသောနေ့ရက်များကို ပျော်မွေ့လိုပါက သင်တို့၏ ဆက်ဆံရေးနှင့်ပတ်သက်၍ ရေရှည်အမြင်ရှိရန် လိုအပ်သည်။ ထိုအမြင်သဘောထားကို မည်သို့ မွေးမြူနိုင်မည်နည်း၊ သင့်အပေါ် ကတိသစ္စာတည်နိုင်ရန် သင့်အိမ်ထောင်ဖက်ကို မည်သို့ အားပေးနိုင်မည်နည်း။

ကတိသစ္စာကို ခိုင်မာစေနိုင်ပုံ

အရေးကြီးသောအချက်မှာ သမ္မာကျမ်းစာ အကြံဉာဏ်ကို နှိမ့်ချစွာ လိုက်လျှောက်ခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်နှင့် သင့်အိမ်ထောင်ဖက်တို့ “အကျိုး” ရရှိပါလိမ့်မည်။ (ဟေရှာယ ၄၈:၁၇) သင်ပြုလုပ်နိုင်သော လက်တွေ့ကျ အချက်နှစ်ချက်ကိုသာ သုံးသပ်ကြည့်ပါ။

သင့်အိမ်ထောင်ဖက်အတွက် အချိန်ဖယ်ထားပါ

၁။ သင့်အိမ်ထောင်ကို ဦးစားပေးပါ။

“သာ၍အရေးကြီးသော အရာများကို သေချာစွာ သိစေ” ပါဟု တမန်တော်ပေါလု ရေးခဲ့သည်။ (ဖိလိပ္ပိ ၁:၁၀ကဘ) လင်နှင့်မယား တစ်ဦးကိုတစ်ဦး ဆက်ဆံပုံသည် ဘုရားသခင့်အမြင်တွင် အလွန်အရေးကြီးသည်။ ဇနီးကို ဂုဏ်တင်သော ခင်ပွန်းအား ဘုရားသခင် ဂုဏ်တင်ပါလိမ့်မည်။ ခင်ပွန်းကို လေးစားသော ဇနီးသည် “ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်” ပေသည်။—၁ ပေတရု ၃:၁-၄၊

သင့်အိမ်ထောင်သည် သင့်အတွက် မည်မျှ အရေးကြီးသနည်း။ များသောအားဖြင့် သင့်အဖို့ အရေးကြီးသော ကိစ္စတစ်ခုအတွက် သင် အချိန်ပိုပေးလေ့ ရှိသည်။ ထို့ကြောင့် ‘လွန်ခဲ့တဲ့လက ငါ့အိမ်ထောင်ဖက်ကို ငါအချိန် ဘယ်လောက် ပေးသလဲ။ ငါတို့က မိတ်ဆွေကောင်းတွေဖြစ်ဆဲပဲလို့ ငါ့အိမ်ထောင်ဖက် ခံစားရအောင် ဘယ် သတ်သတ်မှတ်မှတ် အရာတွေ ငါလုပ်ခဲ့သလဲ’ ဟု ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ သင့်အိမ်ထောင်ရေး ဆက်လက်ခိုင်မြဲနေနိုင်ရန် အချိန် အနည်းငယ်သာ ပေးခဲ့ပါက သို့မဟုတ် လုံးဝမပေးခဲ့ပါက သင်ကတိသစ္စာ တည်သည်ဟု သင့်အိမ်ထောင်ဖက် ယုံကြည်ရခက်ပေလိမ့်မည်။

သင်သည် အိမ်ထောင်ရေး ကတိသစ္စာ တည်သူဖြစ်သည်ဟု သင့်အိမ်ထောင်ဖက် ယူဆပါသလော။ ယင်းကို သင် မည်သို့ သိရှိနိုင်မည်နည်း။

ဤအရာကို ကြိုးစားကြည့်ပါ– အောက်ပါအချက် ငါးချက်ကို စာရွက်တစ်ရွက်ပေါ် ချရေးကြည့်ပါ– ငွေ၊ အလုပ်အကိုင်၊ အိမ်ထောင်၊ ဖျော်ဖြေရေး၊ မိတ်ဆွေအပေါင်းအသင်းများ။ သင့်အိမ်ထောင်ဖက်၏ ဦးစားထားရာများအဖြစ် သင် ယူဆရာများကို အစဉ်အတိုင်း နံပါတ်တပ်ပါ။ သင်နှင့်ပတ်သက်၍လည်း သင့်အိမ်ထောင်ဖက်ကို အလားတူ ပြုလုပ်စေပါ။ ပြီးသွားသောအခါ ထိုစာရွက်ကို သင့်အိမ်ထောင်ဖက်နှင့် လဲလှယ်ကြည့်ပါ။ သင်သည် အိမ်ထောင်အတွက် အချိန်နှင့်ခွန်အား အလုံအလောက်မပေးဟု သင့်အိမ်ထောင်ဖက် ခံစားနေရပါက တစ်ဦးပေါ်တစ်ဦး ကတိသစ္စာ ခိုင်မာစေရန် အဘယ် အပြောင်းအလဲများ ပြုလုပ်ဖို့ လိုအပ်နိုင်ကြောင်း ဆွေးနွေးပါ။ ‘ငါ့အိမ်ထောင်ဖက်အတွက် အရေးကြီးတဲ့ အရာတွေကို ငါပိုစိတ်ဝင်စားလာဖို့ ဘာလုပ်ရမလဲ’ ဟု ကိုယ့်ကိုယ်ကိုယ် မေးပါ။

အိမ်ထောင်ရေး ဖောက်ပြန်ခြင်းသည် စိတ်နှလုံးမှ အစပြု

၂။ ဖောက်ပြန်မှုပုံစံ အားလုံးကို ရှောင်ပါ။

“ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ” ဟု ယေရှုခရစ် မိန့်ဆိုခဲ့သည်။ (မဿဲ ၅:၂၈) လူတစ်ဦးသည် အိမ်ထောင်ဖက် မဟုတ်သူနှင့် လိင်ဆက်ဆံပါက အိမ်ထောင်နှောင်ကြိုးကို ဆိုးဆိုးရွားရွား ဖျက်ဆီးလိုက်ခြင်းပင်၊ ယင်းသည် အိမ်ထောင်ကွာရှင်းစေနိုင်သည့် အကြောင်းရင်း ဖြစ်သည်ဟုပင် ကျမ်းစာက ဆိုသည်။ (မဿဲ ၅:၃၂) သို့သော် ယေရှု၏ အထက်ပါစကားများက လူတစ်ဦး အမှန်တကယ် အိမ်ထောင်ရေး ဖောက်ပြန်သည့် အပြုအမူ မပြုမီ သူ၏စိတ်ထဲတွင် မှားယွင်းသော ဆန္ဒများ ကြာရှည်စွာ တည်ရှိနေနိုင်ကြောင်း ဖော်ပြသည်။ ထိုမှားယွင်းသော ဆန္ဒများနှင့် ပျော်မွေ့နေခြင်းသည်ပင် သစ္စာဖောက်မှုပုံစံတစ်မျိုး ဖြစ်သည်။

အိမ်ထောင်ရေး ကတိသစ္စာ စောင့်ထိန်းနေနိုင်ရန် ညစ်ညမ်းစာပေရုပ်ပုံများကို လုံးဝမကြည့်ဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားပါ။ လူအများ မည်သို့ပင်ဆိုပါစေ ညစ်ညမ်းစာပေရုပ်ပုံများသည် အိမ်ထောင်ရေးအတွက် အဆိပ်အတောက် ဖြစ်သည်။ မိမိခင်ပွန်း၏ ထိုသို့ကြည့်သည့်အကျင့်နှင့်ပတ်သက်၍ ဇနီးတစ်ဦး ဤသို့ရင်ဖွင့်သည်– “ညစ်ညမ်းစာပေရုပ်ပုံတွေကြည့်တာက ကျွန်မတို့ရဲ့ ချစ်ရေးချစ်ရာကိစ္စမှာ ပိုစိတ်ထကြွစေတယ်လို့ သူပြောတယ်။ ဒါပေမဲ့ အဲဒီအကျင့်ကြောင့် ကျွန်မက တန်ဖိုးမရှိဘူး၊ ကျွန်မက သူ့အတွက် မလောက်သေးဘူးလို့ ခံစားလာရတယ်။ သူအဲဒါကြည့်တဲ့အချိန်မှာ ကျွန်မတစ်ယောက်တည်း ငိုရင်း အိပ်ပျော်သွားလေ့ ရှိတယ်။” ထိုအမျိုးသားသည် သူ၏အိမ်ထောင်ရေး ကတိသစ္စာကို ခိုင်မာနေစေခြင်းလော သို့မဟုတ် ဖျက်ဆီးနေခြင်းလော။ သူ၏ဇနီး အိမ်ထောင်ရေး ကတိသစ္စာ စောင့်ထိန်းရလွယ်ကူစေရန် သူ ကူညီနေခြင်းဖြစ်သည်ဟု သင်ထင်သလော။ ဇနီးကို အရင်းနှီးဆုံးမိတ်ဆွေအဖြစ် ဆက်ဆံနေခြင်းလော။

သစ္စာရှိသူယောဘသည် “ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကိုပြု” ခြင်းဖြင့် သူ၏အိမ်ထောင်ရေးနှင့် ဘုရားသခင်အပေါ် ကတိသစ္စာကို ဖော်ပြခဲ့သည်။ သူသည် အဘယ် “အပျိုကိုမျှ မကြည့်ရှု” ရန် စိတ်ပိုင်းဖြတ်ထားသည်။ (ယောဘ ၃၁:၁) ယောဘကို သင် မည်သို့ တုပနိုင်သနည်း။

ညစ်ညမ်းစာပေရုပ်ပုံများကို ရှောင်ခြင်းအပြင် ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးဦးကို မသင့်လျော်သော တွယ်တာမှု မဖြစ်စေရန် သင်၏နှလုံးကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သည်။ မှန်ပါသည်၊ ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးဦးနှင့် ပရောပရည်နေခြင်းသည် အိမ်ထောင်ရေးကို အန္တရာယ်မပြုပါဟု လူများစွာ ထင်ကြသည်။ သို့သော် “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန် ယိုယွင်းသောသဘော ရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူ သိနိုင်သနည်း” ဟု သမ္မာကျမ်းစာက သတိပေးထားသည်။ (ယေရမိ ၁၇:၉) သင်၏နှလုံးသည် သင့်ကို လှည့်စားနေသလော။ ‘ငါ့အိမ်ထောင်ဖက်နဲ့ တခြားဆန့်ကျင်ဘက်လိင်ရှင်တစ်ယောက် ယှဉ်လာရင် ဘယ်သူ့ကို ငါအာရုံအစိုက်ဆုံးလဲ။ သတင်းထူးတွေကို ဘယ်သူ့ကို အရင်ဆုံး ပြောပြသလဲ၊ ငါ့အိမ်ထောင်ဖက်ကိုလား ဒါမှမဟုတ် တခြားတစ်ယောက်ကိုလား။ ဆန့်ကျင်ဘက်လိင်ရှင်တွေနဲ့ ပြောဆိုဆက်ဆံတာကို လျှော့ဖို့ ငါ့အိမ်ထောင်ဖက်ပြောလာရင် ငါဘယ်လို တုံ့ပြန်မလဲ။ စိတ်နာသွားမလား ဒါမှမဟုတ် လိုလိုလားလား ပြောင်းလဲမလား’ ဟု ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

ဤအရာကို ကြိုးစားကြည့်ပါ– သင့်အိမ်ထောင်ဖက်ထက် တစ်ဦးဦးကို ပိုစွဲလမ်းတွယ်တာနေပါက ထိုသူနှင့် လိုအပ်သည်ထက်ပို၍ မပတ်သက်မိရန် ကန့်သတ်ပါ၊ ရင်းနှီးသောမိတ်ဆွေတစ်ဦးအဖြစ် မဟုတ်ဘဲ လိုအပ်သလောက်သာ ပြောဆိုဆက်ဆံပါ။ သင့်အိမ်ထောင်ဖက်ထက် ထိုသူ ပိုသာသည်ဟု သင်ယူဆသည့် အချက်များကို အာရုံမစိုက်ပါနှင့်။ ယင်းအစား သင့်အိမ်ထောင်ဖက်၏ အရည်အသွေးကောင်းများကို အာရုံစိုက်ပါ။ (သု. ၃၁:၂၉) သင့်အိမ်ထောင်ဖက်ကို ချစ်မြတ်နိုးသွားရသည့် အကြောင်းရင်းများကို ပြန်စဉ်းစားပါ။ ‘ငါ့အိမ်ထောင်ဖက်မှာ ဒီအရည်အသွေးတွေ တကယ်မရှိတာလား ဒါမှမဟုတ် ငါက မမြင်တာလား’ ဟု ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

အစပြု လုပ်ဆောင်ပါ

အထက်တွင် ဖော်ပြခဲ့သော မိုက်ကယ်နှင့် မာရီယာသည် သူတို့၏ပြဿနာကို ဖြေရှင်းနိုင်ပုံနှင့်ပတ်သက်၍ အကြံဉာဏ်တောင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ အကြံဉာဏ်တောင်းခြင်းသည် ပထမခြေလှမ်း ဖြစ်သည်မှာ မှန်ပါသည်။ သို့သော် ပြဿနာကို အသိအမှတ်ပြုပြီး အကူအညီကို ရှာကြံခြင်းဖြင့် မိမိတို့သည် အိမ်ထောင်ရေး ကတိသစ္စာစောင့်ထိန်းကြောင်း၊ အိမ်ထောင်အောင်မြင်ရန် ကြိုးစားအားထုတ်လိုကြောင်း မိုက်ကယ်နှင့် မာရီယာနှစ်ဦးစလုံး ဖော်ပြခဲ့ကြသည်။

သင့်အိမ်ထောင်ရေး ခိုင်မာသည်ဖြစ်စေ၊ ပြဿနာများရှိသည်ဖြစ်စေ အိမ်ထောင်ရေးကို အောင်မြင်စေရန် ပြုလုပ်ဖို့ သင် ကတိသစ္စာပြုထားကြောင်း သင့်အိမ်ထောင်ဖက်သိရန် လိုအပ်သည်။ ထိုအချက်ကို သင့်အိမ်ထောင်ဖက် ယုံကြည်လာစေရန် လိုအပ်သော အဘယ်အရာကိုမဆို ပြုလုပ်ပါ။ သင် ထိုသို့ပြုလုပ်ရန် လိုလိုလားလား ရှိပါသလော။

^ အပိုဒ်၊ 3 အမည်များ ပြောင်းထားသည်။

^ အပိုဒ်၊ 5 ဤတွင်ဖော်ပြထားသော ဥပမာသည် ညစ်ညမ်းစာပေရုပ်ပုံကြည့်သော အမျိုးသားအကြောင်း ဖြစ်သော်လည်း ထိုသို့ကြည့်သော အမျိုးသမီးလည်း အိမ်ထောင်ရေး ကတိသစ္စာမတည်ကြောင်း ပြသရာ ရောက်သည်။

မိမိကိုယ်ကို မေးပါ . . .

  • ငါ့အိမ်ထောင်ဖက်ကို အချိန်ပိုပေးနိုင်အောင် ဘယ်လုပ်ဆောင်မှုတွေကို လျှော့ချပစ်ရမလဲ။

  • ငါတို့အိမ်ထောင်အတွက် ငါကတိသစ္စာပြုထားတယ်ဆိုတာကို ငါ့အိမ်ထောင်ဖက် ယုံကြည်လာအောင် ဘာလုပ်ရမလဲ။