မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေများသည် သူတို့သာလျှင် ကယ်တင်ခံရမည်ဟု ယုံကြည်ကြပါသလော

ယေဟောဝါသက်သေများသည် သူတို့သာလျှင် ကယ်တင်ခံရမည်ဟု ယုံကြည်ကြပါသလော

စာရှုသူများအမေး

ယေဟောဝါသက်သေများသည် သူတို့သာလျှင် ကယ်တင်ခံရမည်ဟု ယုံကြည်ကြပါသလော

ယေဟောဝါသက်သေများသည် စစ်မှန်သောဘာသာတရားကို တွေ့ ရှိထားသည်ဟု ယူဆထားကြသည်။ ထိုသို့မယူဆပါက သူတို့၏ယုံကြည်ချက်များကို ပြောင်းလဲလိုက်ပေမည်။ အခြားဘာသာတရားကိုင်းရှိုင်းသူများစွာကဲ့သို့ပင် ယေဟောဝါသက်သေများသည် ကယ်တင်ခံရရန် မျှော်လင့်ကြ၏။ သို့သော် မည်သူကယ်တင်ခံရမည်ကို ဆုံးဖြတ်စီရင်ခြင်းသည် သူတို့တာဝန်မဟုတ်ကြောင်းကိုလည်း ယုံကြည်ကြသည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် တရားသူကြီးဖြစ်တော်မူ၏။ ကိုယ်တော်သာ ဆုံးဖြတ်စီရင်တော်မူမည်။—ဟေရှာယ ၃၃:၂၂

ကယ်တင်ခံရမည့်သူများသည် ကယ်တင်ခြင်းရလိုရုံသာမကဘဲ ကယ်တင်ရှင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်းကိုလည်း ဘုရားသခင့်နှုတ်မြွက်တော်က ဖော်ပြသည်။ ဥပမာ– ခြေလျင်ခရီးသည်တစ်ဦးသည် တောကန္တာရတွင် လမ်းပျောက်နေသည် ဆိုပါစို့။ သူသည် လမ်းမှန်ကို ရှာတွေ့ ချင်လှပြီ။ သူ အသက်ဆုံးမည်လော သို့မဟုတ် အသက်ရှင်ကျန်ရစ်မည်လော။ အဖြေမှာ ပေးသည့်အကူအညီကို သူတုံ့ပြန်ပုံပေါ်တွင် မူတည်သည်။ သူသည် ကယ်တင်ရှင် ပေးသည့်အကူအညီကို မာနကြီးစွာ လက်မခံဘဲနေပေမည်။ သို့မဟုတ် အကူအညီကို နှိမ့်ချစွာလက်ခံပြီး လုံခြုံမှုရပေမည်။

ထိုနည်းတူ လူသားထု၏ကယ်တင်ရှင် ယေဟောဝါဘုရားသခင်နှင့် ပူးပေါင်းသူများသာ ကယ်တင်ခြင်းရမည်။ ကယ်တင်ခြင်းသည် ဘုရားသခင်ထံမှ ဆုလက်ဆောင်တစ်ခုဖြစ်သော်လည်း ယင်းကို လူတိုင်း မရနိုင်ကြပါ။ ဘုရားသခင့်သားတော်ယေရှုက ဤသို့ဆိုသည်– “‘သခင်၊ သခင်’ ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။”—မဿဲ ၇:၂၁

ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြပြီး ယေရှု၏ သွန်သင်ချက်များအား အနီးကပ်လိုက်လျှောက်သူများကိုသာ ဘုရားသခင်ကယ်တင်မည်ဖြစ်ကြောင်း ယေဟောဝါသက်သေများ ယုံကြည်ကြသည်။ (တမန်တော် ၄:၁၀-၁၂) ဘုရားသခင့်နှုတ်မြွက်တော်တွင် ဖော်ပြထားသော ကယ်တင်ခြင်းအတွက် အရေးပါသည့် လိုအပ်ချက်သုံးခုကို သုံးသပ်ကြည့်ပါ။

(၁) “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုမိမိအပေါင်းပါများကို ယေရှုမိန့်တော်မူ၏။ (ယောဟန် ၁၃:၃၅) အခြားသူများအသက်ရရေးအတွက် မိမိအသက်ကိုပေးခဲ့သော ယေရှု၏ပုံသက်သေကိုယ်နှိုက်က မေတ္တာ၏အရေးကြီးမှုကို ပေါ်လွင်စေသည်။ အခြားသူများကို ချစ်မြတ်နိုးသူများသည် ကယ်တင်ခြင်းအတွက်အရေးပါသော ထိုအရည်အသွေးကို တင်ပြနေခြင်းဖြစ်သည်။

(၂) “ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီ” ဟုခမည်းတော်ထံ ယေရှု ဆုတောင်းခဲ့သည်။ (ယောဟန် ၁၇:၂၆) ယေဟောဝါဟူသော ဘုရားသခင်၏ကိုယ်ပိုင်နာမတော်သည် ခမည်းတော်အတွက် မည်မျှတိုင်အရေးပါကြောင်း ယေရှုသိသည်။ ဘုရားသခင့်နာမတော် “သန့် ရှင်းမြင့်မြတ်ခြင်းရှိ” စေရန် ယေရှုဆုတောင်းခဲ့သည်။ (မဿဲ ၆:၉ကဘ) ဘုရားသခင့်နာမတော်သန့်ရှင်းမြင့်မြတ်ရေးတွင် ထိုနာမတော်ကိုသိရှိခြင်းနှင့် ယင်းကို အရေးပါ၍သန့်ရှင်းသောအရာအဖြစ် ရှုမြင်ခြင်းပါဝင်သည်။ ကယ်တင်ခြင်းရလိုသူများသည် ယေရှုနည်းတူ ဘုရားသခင့်နာမတော်ကို အသုံးပြုရန် လိုအပ်သည်။ ထို့ပြင် ဘုရားသခင့်နာမတော်နှင့် အရည်အသွေးများအကြောင်းကို အခြားသူများအား သင်ပေးရန်လည်း လိုအပ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) အမှန်မှာ ဘုရားသခင့်နာမတော်ကို ခေါ်ဆိုသူများသာ ကယ်တင်ခံရလိမ့်မည်။—ရောမ ၁၀:၁၃

(၃) “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်” ဟုပုန္တိပိလတ်ကို ယေရှုပြောခဲ့သည်။ (ယောဟန် ၁၈:၃၆) ဘုရင်အဖြစ် ယေရှုအုပ်ချုပ်မည့် ဘုရားသခင့်နိုင်ငံတော် သို့မဟုတ် ဘုရားသခင့်အစိုးရကို ယုံကြည်ကြောင်းတင်ပြသူ ယနေ့ခေတ်တွင် နည်းလှသည်။ ယင်းအစား လူ့အဖွဲ့အစည်းများကိုသာ ယုံကြည်အားကိုးကြသည်။ ယင်းနှင့်ခြားနားလျက် ကယ်တင်ခံရမည့်သူများသည် ဘုရားသခင့်နိုင်ငံတော်ကို တည်ကြည်စွာထောက်ခံကြပြီး သစ္စာရှိလူသားအားလုံးကို ဘုရားသခင့်နိုင်ငံတော်က မည်သို့ကယ်လွှတ်မည်ဖြစ်ကြောင်း အခြားသူများအား သွန်သင်ပေးကြသည်။—မဿဲ ၄:၁၇

ကယ်တင်ခြင်းရရေးအတွက် လိုအပ်ချက်အချို့ကို သိရှိလာသောအခါ တပည့်များက “သို့ဖြစ်လျှင် ကယ်တင်ခံရမည့်သူ ရှိနိုင်ပါဦးမည်လော” ဟုယေရှုကို မေးကြသည်။ ကိုယ်တော်ကလည်း “လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်” ဟုပြန်ဖြေခဲ့သည်။ (လုကာ ၁၈:၁၈-၃၀ကဘ) ယေဟောဝါသက်သေများသည် ကယ်တင်ခြင်းရရေးအတွက် ထိုလိုအပ်ချက်များကိုပြည့်မီရန် လုံ့လစိုက်ထုတ်၍ ကြိုးပမ်းကြသည်။ အခြားသူများလည်း ကယ်တင်ခံရနိုင်ရန် သူတို့ ကြိုးစားကူညီပေးနေကြသည်။