မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ

စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ

ဘုရားသခင့်စကားတော်မှ သင်ယူပါ

စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို ကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုပါတယ်။

၁။ စစ်မှန်တဲ့ဝတ်ပြုရေး တစ်ခုပဲ ရှိသလား

စစ်မှန်တဲ့ဝတ်ပြုရေး တစ်ခုပဲရှိတယ်လို့ နောက်လိုက်တွေကို ယေရှု ပြောပြခဲ့တယ်။ အဲဒါက လမ်းနဲ့တူတယ်။ အဲဒီလမ်းက ထာဝရအသက်ရရှိစေတဲ့နေရာကို ပို့ဆောင်ပေးတယ်။ အဲဒီလမ်းကို “တွေ့မြင်သောသူ နည်း” တယ်လို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၇:၁၄) ကျမ်းစာအမှန်တရားအပေါ် အခြေပြုထားတဲ့ ဝတ်ပြုရေးကိုပဲ ယေဟောဝါဘုရားသခင် လက်ခံတယ်။ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်တဲ့သူ အားလုံးဟာ ယုံကြည်ခြင်းတစ်မျိုးထဲမှာပဲ စည်းလုံးနေကြတယ်။—ယောဟန် ၄:၂၃၊ ၂၄; ၁၄:၆; ဧဖက် ၄:၄၊ ၅ တို့ကိုဖတ်ပါ။

၂။ ခရစ်ယာန်ဆိုတဲ့ အသင်းတွေ ဘာကြောင့် ဒီလောက်တောင် အမျိုးမျိုး ကွဲပြားနေရတာလဲ

ပရောဖက် (ကြိုဟောသူ) အတုအယောင်တွေက ခရစ်ယာန်ဝတ်ပြုရေးကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့ကြတယ်။ ခရစ်ယာန်ဝတ်ပြုရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာခဲ့ကြတယ်။ ယေရှု ကြိုပြောခဲ့တဲ့အတိုင်းပဲ သူတို့ကိုယ်သူတို့ ယေရှုရဲ့ “သိုး” ပါလို့ ပြောပေမဲ့ တကယ်တမ်းကျတော့ ဆာလောင်နေတဲ့ ဝံပုလွေတွေလို ပြုမူခဲ့ကြတယ်။ (မဿဲ ၇:၁၃-၁၅၊ ၂၁၊ ၂၃) ခရစ်ယာန်အတုအယောင်ဟာ အထူးသဖြင့် ယေရှုရဲ့ တမန်တော်တွေ သေဆုံးပြီးတဲ့နောက်မှာ တဖြည်းဖြည်း ပေါ်ထွက်လာတယ်။—တမန်တော် ၂၀:၂၉၊ ၃၀ ကိုဖတ်ပါ။

၃။ စစ်မှန်တဲ့ဝတ်ပြုရေးကို ခွဲခြားသိမြင်နိုင်တဲ့ အသွင်အပြင်တချို့က ဘာလဲ

စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်တဲ့သူတွေဟာ သမ္မာကျမ်းစာကို ဘုရားသခင့်စကားတော်အဖြစ် ရိုသေလေးမြတ်ကြတယ်။ သူတို့ဟာ ကျမ်းစာမူတွေနဲ့အညီ အသက်ရှင်နေထိုင်ဖို့ ကြိုးစားကြတယ်။ ဒါကြောင့် စစ်မှန်တဲ့ဝတ်ပြုရေးဟာ လူတွေရဲ့အယူအဆတွေအပေါ် အခြေပြုထားတဲ့ ဝတ်ပြုရေးတွေနဲ့ ကွဲပြားရခြင်း ဖြစ်ပါတယ်။ (မဿဲ ၁၅:၇-၉) စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်တဲ့သူတွေဟာ အပြောတစ်မျိုး အလုပ်တစ်မျိုး မလုပ်ကြဘူး။—ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇ တို့ကိုဖတ်ပါ။

စစ်မှန်တဲ့ဝတ်ပြုရေးဟာ ယေဟောဝါဆိုတဲ့ ဘုရားသခင်ရဲ့အမည်ကို ထုတ်ဖော်ပြောဆိုတယ်။ ယေရှုလည်း ဘုရားသခင်ရဲ့အမည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဘုရားသခင်ကို လူတွေ သိရှိအောင် ကူညီပေးပြီး ဘုရားသခင်ရဲ့အမည် သန့်ရှင်းမြင့်မြတ်ခြင်းရှိအောင် ဆုတောင်းပါလို့ ယေရှု သင်ပေးခဲ့တယ်။ (မဿဲ ၆:၉) သင် နေထိုင်တဲ့ဒေသမှာ ဘယ်အဖွဲ့က ဘုရားသခင်ရဲ့အမည်ကို အသုံးပြုဖို့ လှုံ့ဆော်ပေးနေသလဲ။—ယောဟန် ၁၇:၂၆; ရောမ ၁၀:၁၃၊ ၁၄ တို့ကိုဖတ်ပါ။

၄။ စစ်မှန်တဲ့ဝတ်ပြုသူတွေကို သင် ဘယ်လို ခွဲခြားသိမြင်နိုင်မလဲ

ခရစ်ယာန်စစ်တွေဟာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောကြတယ်။ အဲဒီနိုင်ငံတော်အကြောင်း ဟောပြောဖို့ ယေရှုကို ဘုရားသခင် စေလွှတ်လိုက်တယ်။ လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ဘုရားသခင့်နိုင်ငံတော် ဖြစ်ပါတယ်။ အဲဒီနိုင်ငံတော်အကြောင်းကို ယေရှု မြေကြီးအသက်တာ ကုန်ခါနီးအချိန်ထိ ဟောပြောခဲ့တယ်။ (လုကာ ၄:၄၃; ၈:၁; ၂၃:၄၂၊ ၄၃) ဘုရားသခင့်နိုင်ငံတော်အကြောင်းဟောဖို့ နောက်လိုက်တွေကို ယေရှုမိန့်မှာခဲ့တယ်။ တစ်ယောက်ယောက်က သင့်ကို ဘုရားသခင့်နိုင်ငံတော်အကြောင်း လာပြောတယ်ဆိုရင် သူက ဘယ်အဖွဲ့ဝင်ဖြစ်နိုင်သလဲ။—မဿဲ ၁၀:၇; ၂၄:၁၄ ကိုဖတ်ပါ။

ယေရှုရဲ့နောက်လိုက်တွေဟာ ဆိုးညစ်တဲ့ ဒီလောကနဲ့ မပတ်သက်ကြပါဘူး။ နိုင်ငံရေး ဒါမှမဟုတ် လူမှုရေးအငြင်းပွားမှုတွေမှာ မပါဝင်ကြဘူး။ (ယောဟန် ၁၇:၁၆) ဒါ့အပြင် ဒီလောကရဲ့အန္တရာယ်များတဲ့ အကျင့်အကြံတွေနဲ့ သဘောထားတွေကိုလည်း မတုပကြဘူး။—ယာကုပ် ၁:၂၇; ၄:၄ ကိုဖတ်ပါ။

၅။ စစ်မှန်တဲ့ခရစ်ယာန်ဝတ်ပြုရေးရဲ့ အဓိက အမှတ်အသားက ဘာလဲ

ခရစ်ယာန်စစ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်။ ကိုယ်နဲ့လူမျိုးချင်းမတူတဲ့ တခြားလူမျိုးတွေကို လေးစားဖို့ သမ္မာကျမ်းစာကနေ သူတို့သင်ယူကြတယ်။ မှားယွင်းတဲ့ဝတ်ပြုရေးမှာ ပါဝင်တဲ့သူတွေက နိုင်ငံအချင်းချင်း စစ်တိုက်ဖို့ အားတက်သရော ထောက်ခံပေးတတ်ပေမဲ့ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်တဲ့သူတွေကတော့ အဲလိုမလုပ်ကြဘူး။ (မိက္ခာ ၄:၁-၄) အဲဒီအစား တခြားသူတွေကို ကူညီပေးဖို့ ကိုယ့်ရဲ့အချိန်တွေ၊ ဥစ္စာအင်ခွင်တွေကို ကိုယ်ကျိုးမငဲ့ဘဲ အသုံးပြုကြတယ်။—ယောဟန် ၁၃:၃၄၊ ၃၅; ၁ ယောဟန် ၄:၂၀၊ ၂၁ တို့ကိုဖတ်ပါ။

ယေဟောဝါသက်သေတွေဟာ ကျမ်းစာသွန်သင်ချက်တွေအပေါ် အခြေပြုတဲ့အပြင် ဘုရားသခင့်နာမည်ကို ချီးမွမ်းပြီး လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း ကြေညာနေတဲ့ အဖွဲ့ဖြစ်တယ်။ သူတို့ဟာ မေတ္တာကို ကျင့်သုံးပြီး စစ်ပွဲတွေကို မထောက်ခံကြဘူး။—၁ ယောဟန် ၃:၁၀-၁၂

ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၅ မှာဖတ်ကြည့်ပါ။

[စာမျက်နှာ ၁၆ ပါရုပ်ပုံ]

“သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဆိုကြသော်လည်း အကျင့်အားဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။”—တိတု ၁:၁၆