မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး– ဘုရားသခင်က ရက်စက်သလား

ဘုရားသခင်က ရက်စက်တယ်လို့ ဘာကြောင့် ပြောကြတာလဲ

ဘုရားသခင်က ရက်စက်တယ်လို့ ဘာကြောင့် ပြောကြတာလဲ

ဒီမဂ္ဂဇင်းရဲ့ မျက်နှာဖုံးပေါ်က မေးခွန်းကို သင် ဖတ်လိုက်ရတဲ့အခါ အံ့သြသွားပါသလား။ လူတချို့က အံ့ဩသွားကြတယ်။ လူအတော်များများကတော့ ဘုရားသခင်ဟာ ရက်စက်တဲ့သူ ဟုတ်မဟုတ်ဆိုတာကို သိချင်နေကြတယ်။ တချို့ကျတော့လည်း ကိုယ်တော်ဟာ ရက်စက်တဲ့သူဖြစ်တယ်လို့ ယူဆကြတယ်။ ဘာကြောင့်လဲ။

သဘာဝဘေးဆိုးတွေကနေ လွတ်မြောက်လာသူတချို့က “ဘုရားသခင် ဘာကြောင့် ဒီလိုဖြစ်ခွင့်ပြုထားတာလဲ။ ကိုယ်တော်ဟာ စာနာစိတ်မရှိတဲ့သူ ဒါမှမဟုတ် ရက်စက်တဲ့သူလား” ဆိုပြီး မေးခွန်းထုတ်ကြတယ်။

တချို့ကျတော့ သမ္မာကျမ်းစာကို ဖတ်တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ကြတယ်။ နောဧနဲ့ ရေလွှမ်းမိုးဘေးအကြောင်း ဖော်ပြထားတဲ့ ကျမ်းစာမှတ်တမ်းကို ဖတ်ပြီးတဲ့အခါ ‘ဘုရားသခင်ဟာ မေတ္တာရှင်ဖြစ်ပြီး ဘာကြောင့် လူအားလုံးကို ဖျက်ဆီးလိုက်ရတာလဲ။ ကိုယ်တော်က ရက်စက်တဲ့သူလား’ ဆိုပြီး မေးခွန်းထုတ်ကြတယ်။

သင်ကော တစ်ခါတလေ အဲဒီလိုမေးဖူးပါသလား။ ဒါမှမဟုတ် ဘုရားသခင်ဟာ ရက်စက်တဲ့သူ ဟုတ်မဟုတ်ဆိုတာ သိချင်တဲ့သူတွေကို သင် ဘယ်လိုရှင်းပြရမှန်းမသိ ဖြစ်နေသလား။ ဘာပဲဖြစ်ဖြစ် အကူအညီရနိုင်တဲ့ မေးခွန်းတစ်ခုကို သုံးသပ်ကြည့်ရအောင်။

ကျွန်ုပ်တို့ ဘာကြောင့် ရက်စက်မှုကို မုန်းတာလဲ

ရိုးရိုးလေးပြောရမယ်ဆိုရင် ကျွန်ုပ်တို့မှာ အမှားအမှန် ပိုင်းခြားနိုင်စွမ်းရှိလို့ပါပဲ။ ဒီနေရာမှာ ကျွန်ုပ်တို့ဟာ တိရစ္ဆာန်တွေနဲ့ လုံးဝမတူပါဘူး။ ဘာကြောင့်လဲ။ ဘုရားသခင်က “မိမိပုံသဏ္ဌာန်နှင့်အညီ” ကျွန်ုပ်တို့ကို ဖန်ဆင်းထားလို့ပါ။ (ကမ္ဘာဦး ၁:၂၇) ဒါက ဘာကို ဆိုလိုတာလဲ။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို မိမိရဲ့အရည်အသွေးတွေ၊ ကိုယ်ကျင့်တရားစံနှုန်းတွေ ရောင်ပြန်ဟပ်နိုင်စွမ်းနဲ့ အမှားအမှန် ပိုင်းခြားနိုင်စွမ်း ပေးထားတာကို ဆိုလိုပါတယ်။ ဒီအချက်ကို စဉ်းစားကြည့်ပါ– ကျွန်ုပ်တို့ဟာ ဘုရားသခင်ဆီက ရရှိထားတဲ့ အမှားအမှန် ပိုင်းခြားနိုင်စွမ်းကြောင့် ရက်စက်မှုကို မုန်းတယ်ဆိုရင် ဘုရားသခင်က ပိုပြီးတော့တောင် မုန်းတီးမယ် မဟုတ်ဘူးလား။

အဲဒီလိုကျိုးကြောင်းဆင်ခြင်တာက မှန်ကန်တယ်ဆိုတာကို သမ္မာကျမ်းစာက အတည်ပြုပေးပါတယ်။ သမ္မာကျမ်းစာမှာ ဘုရားသခင် ဒီလိုမိန့်ဆိုထားတယ်– “ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။” (ဟေရှာယ ၅၅:၉) ဘုရားသခင်ကို ရက်စက်တယ်လို့ ကျွန်ုပ်တို့ ကောက်ချက်ချလိုက်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ အကျင့်ဟာ ကိုယ်တော်ရဲ့အကျင့်ထက် ပိုမြင့်တယ်လို့ ပြောရာရောက်ပြီး သမ္မာကျမ်းစာ ဖော်ပြချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။ အဲလိုမျိုး ကောက်ချက်မချခင် တခြားအချက်အလက်တွေကို ထည့်သွင်းစဉ်းစားတာက ပညာရှိရာရောက်ပါလိမ့်မယ်။ ဖြစ်နိုင်မယ်ဆိုရင် ဘုရားသခင်က ရက်စက်တဲ့သူ ဟုတ်မဟုတ်ဆိုတာ မေးမယ့်အစား ကိုယ်တော်ရဲ့လုပ်ရပ်တချို့က ဘာကြောင့် ရက်စက်တဲ့ပုံပေါက်နေတာလဲလို့ မေးသင့်ပါတယ်။ အကူအညီရနိုင်ဖို့အတွက် “ရက်စက်ခြင်း” ရဲ့အဓိပ္ပာယ်ကို သုံးသပ်ကြည့်ရအောင်။

တစ်စုံတစ်ဦးကို ရက်စက်တယ်လို့ ပြောတာက တခြားသူတွေ ဒုက္ခရောက်နေတာကို ကြည့်ပြီး သူပျော်နေတယ်၊ ဒါမှမဟုတ် သူတို့ရဲ့အခက်အခဲကို စာနာပေးတတ်တဲ့စိတ် သူ့မှာ မရှိဘူးလို့ ဆိုလိုနေတာဖြစ်တယ်။ ဥပမာ၊ ဖခင်တစ်ဦးဟာ သားဖြစ်သူ စိတ်ထိခိုက်တာကို မြင်ချင်လို့ ဆုံးမမယ်ဆိုရင် ရက်စက်ရာကျပါတယ်။ ဒါပေမဲ့ သားကို လမ်းညွှန်ပေးချင်လို့၊ ကာကွယ်ပေးချင်လို့ ဆုံးမတယ်ဆိုရင် သူဟာ ဖခင်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ တခြားသူတွေရဲ့ လုပ်ရပ်တွေကို အမြဲနားမလည်နိုင်တဲ့အတွက် သူတို့ကို အလွယ်တကူ အထင်လွဲမိနိုင်တယ်။ ဒီအချက်ကို ကိုယ်တိုင်အထင်လွဲခံရဖူးမှ နားလည်မှာဖြစ်တယ်။

ဘုရားသခင်က ရက်စက်တယ်လို့ လူတွေ ယူဆရတဲ့ အကြောင်းရင်းတွေထဲက အချက်နှစ်ချက်ကို သုံးသပ်ကြည့်ရအောင်။ အဲဒါတွေကတော့ ဒီနေ့ ကျွန်ုပ်တို့ တွေ့မြင်နေရတဲ့ သဘာဝဘေးဆိုးတွေနဲ့ သမ္မာကျမ်းစာမှာဖတ်ရတဲ့ ဘုရားသခင်ရဲ့ တရားစီရင်ချက်တို့ ဖြစ်ပါတယ်။ ဘုရားသခင်က ရက်စက်တယ်ဆိုပြီး အဖြစ်မှန်တွေက အမှန်တကယ် ဖော်ပြပါသလား။