မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက ဘာသာပေါင်းစုံအဖွဲ့နဲ့ ပူးပေါင်းသလား

ယေဟောဝါသက်သေတွေက ဘာသာပေါင်းစုံအဖွဲ့နဲ့ ပူးပေါင်းသလား

 ယေဟောဝါသက်သေတွေက ဘာသာတရားအမျိုးမျိုးက လူတွေနဲ့ ဘာသာရေးအကြောင်း ဆွေးနွေးရတာ သဘောကျပေမဲ့ ဘာသာပေါင်းစုံအဖွဲ့နဲ့ ပူးပေါင်းပါဝင်တာမျိုး၊ ဘာသာရေးယုံကြည်ချက်မတူသူတွေနဲ့ အတူဝတ်ပြုဆုတောင်းတာမျိုး မလုပ်ကြဘူး။ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ “စိတ်သဘော တညီတညွတ်တည်း” ရှိတယ်လို့ ကျမ်းစာဆိုတယ်။ ဒီလိုညီညွတ်နိုင်တာ ယုံကြည်ချက်တူညီလို့ပါ။ (ဖိလိပ္ပိ ၂:၂။ ဧဖက် ၄:၁၆။ ၁ ကောရိန္သု ၁:၁၀) ချစ်ခြင်း၊ သနားကြင်နာခြင်း၊ ခွင့်လွှတ်ခြင်း စတဲ့အရည်အသွေးတွေကို တန်ဖိုးထားတာချင်း တူညီတယ်။ အရေးကြီးဆုံးက ဘာသာရေးယုံကြည်ချက်တွေကို ကျမ်းစာထဲက တိကျမှန်ကန်တဲ့ အသိပညာပေါ် အခြေခံတာချင်း တူညီတယ်။ ကျမ်းစာအပေါ်သာ အခြေမခံရင် ကျွန်တော်တို့ရဲ့ ယုံကြည်ချက် အချည်းနှီးဖြစ်သွားပါလိမ့်မယ်။—ရောမ ၁၀:၂၊ ၃

 ယုံကြည်ချက်မတူသူတွေနဲ့အတူ ဝတ်ပြုကိုးကွယ်တာကို ကျမ်းစာက ဘက်မညီတဲ့ ထမ်းပိုးထမ်းတာနဲ့ နှိုင်းယှဉ်ထားတယ်။ ခရစ်ယာန်တစ်ဦးရဲ့ ယုံကြည်ခြင်းကို ထိခိုက်စေနိုင်လို့ပါ။ (၂ ကောရိန္သု ၆:၁၄-၁၇) ဒါကြောင့် ယေရှုက တပည့်တွေကို ယုံကြည်ခြင်းမတူသူတွေနဲ့အတူ ဝတ်ပြုကိုးကွယ်ခွင့် မပြုခဲ့ဘူး။ (မဿဲ ၁၂:၃၀။ ယောဟန် ၁၄:၆) ရှေးခေတ်အစ္စရေးတွေကို ပတ်ဝန်းကျင်လူမျိုးတွေရဲ့ ဝတ်ပြုမှုမှာ မပါဝင်ဖို့ မောရှေပညတ်မှာလည်း ဘုရားသခင် မှာကြားခဲ့တယ်။ (ထွက်မြောက်ရာ ၃၄:၁၁-၁၄) နောက်ပိုင်းမှာ သစ္စာရှိအစ္စရေးတွေက ယုံကြည်ခြင်းမတူသူတွေရဲ့ အကူအညီကို ငြင်းပယ်ခဲ့တယ်။ ဘာသာရေးယုံကြည်ချက် ရောနှောတာတွေ ဖြစ်လာမှာစိုးလို့ပါ။—ဧဇရ ၄:၁-၃

ယေဟောဝါသက်သေတွေဟာ တခြားဘာသာဝင်တွေနဲ့ စကားလက်ဆုံ ပြောကြသလား

 ပြောကြပါတယ်။ ကျွန်တော်တို့လည်း တမန်တော်ပေါလုလိုပဲ “လူများနိုင်သမျှ များများ” ရဲ့ အတွေးအခေါ်နဲ့ ယုံကြည်ချက်တွေကို စိတ်ဝင်စားပါတယ်။ (၁ ကောရိန္သု ၉:၁၉-၂၂) သူတို့နဲ့ စကားပြောဆိုတဲ့အခါ ကျမ်းစာမိန့်မှာတဲ့အတိုင်း ‘အလွန်လေးစားတဲ့သဘောနဲ့’ ပြောဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်။—၁ ပေတရု ၃:၁၅