မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့၊ အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မှာကျင်းပတဲ့ အထူးအစည်းအဝေးမှာ ညီအစ်ကို/မတွေ တစ်ဦးကိုတစ်ဦး လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် | ပြင်ဆင်သည့်နေ့၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်
အိန္ဒိယ

နောက်ဆုံးအချက်အလက်—အိန္ဒိယဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ရှစ်ယောက်အထိ ရှိလာ

နောက်ဆုံးအချက်အလက်—အိန္ဒိယဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ရှစ်ယောက်အထိ ရှိလာ

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် ညီအစ်ကိုဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့မှာ ဆုံးပါးသွားပါတယ်။ သူဟာ အကြီးအကဲနဲ့ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေသူပါ။ ဝမ်းနည်းစရာက နောက်ငါးရက်အကြာ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့မှာ အဲဒီညီအစ်ကိုရဲ့ဇနီးလည်း ဗုံးပေါက်ကွဲမှုကနေရခဲ့တဲ့ ဒဏ်ရာကြောင့် ကွယ်လွန်သွားတယ်။ ညီအစ်မလည်း မှန်မှန်ရှေ့ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဒီအဖြစ်ဆိုးကြောင့် ဆုံးပါးသွားတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို/မ စုစုပေါင်း ၈ ယောက်ရှိပါပြီ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တုန်းက အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မှာကျင်းပတဲ့ ခရိုင်အစည်းအဝေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်။ အစပိုင်းမှာ သုံးဦး သေဆုံးခဲ့တယ်။ ညီအစ်ကိုတစ်ယောက်နဲ့ ညီအစ်မနှစ်ယောက်လည်း ထပ်မံ ဆုံးပါးသွားကြောင်း အသိပေးရလို့ စိတ်မကောင်းပါဘူး။ သူတို့ထဲကနှစ်ယောက်ဟာ အစောပိုင်းမှာ ဆုံးပါးခဲ့တဲ့ အသက် ၁၂ နှစ်အရွယ်မိန်းကလေးရဲ့ မိခင်နဲ့ အစ်ကိုတို့ ဖြစ်တယ်။ ညီအစ်ကို၊ ညီအစ်မ ၁၁ ယောက်ဟာ ဆေးရုံမှာ ဆေးကုသမှု ဆက်လက်ခံယူနေပါတယ်။

ဒီအဖြစ်ဆိုးကြောင့် ထိခိုက်ခဲ့သူတွေကို အားပေးနှစ်သိမ့်ဖို့ အိန္ဒိယဌာနခွဲက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့မှာ အထူးအစည်းအဝေးတစ်ခု ကျင်းပခဲ့တယ်။ အသင်းတော် ၂၁ ခုက ညီအစ်ကို/မတွေကို ဖိတ်ကြားတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ခရိုင်အစည်းအဝေးကို တက်ရောက်ခဲ့သူတွေပါ။ အစီအစဉ်ကို နိုင်ငံတော်ခန်းမတစ်ခုမှာ ကျင်းပပြီး အယောက် ၂၀၀ နီးပါးတက်ရောက်ကြတယ်။ ပရိသတ် ၁,၃၀၀ လောက်က ဗီဒီယိုနဲ့ ချိတ်ဆက်ကြည့်ရှုကြတယ်။ ဆေးရုံတက်နေသူတွေအတွက်လည်း အစီအစဉ်ကို ကူးယူထားတယ်။ ဌာနခွဲက အကြီးအကဲတစ်ယောက်က ဆာလံ ၂၃:၁ ကို ဖတ်ပြပြီး ယေဟောဝါရဲ့ ဂရုစိုက်စောင့်ရှောက်မှုအကြောင်း အခုလို ပြောပြတယ်– “ဒီကျမ်းချက်မှာ ဆာလံဆရာက ယေဟောဝါကို သိုးထိန်းတစ်ယောက် ဒါမှမဟုတ် သိပ်ကောင်းတဲ့သိုးထိန်းတစ်ယောက်လို့ မပြောထားဘူးနော်။ ယေဟောဝါဟာ “ငါ့သိုးထိန်း” တဲ့။ ယေဟောဝါက ကျွန်တော်တို့ တစ်ယောက်ချင်းစီကို စိတ်ဝင်စားတာ။ ဒါ တကယ့်ကို နှစ်သိမ့်မှုဖြစ်စေတယ် မဟုတ်လား။”

ညီအစ်မတွေ အချင်းချင်း နှစ်သိမ့်ပေးနေ

ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ရှိနေခဲ့တဲ့ ညီအစ်ကိုတစ်ယောက်ဆို အခုထိ အိပ်ပျော်ဖို့ ခက်နေတုန်းပဲ။ ဒါပေမဲ့ ဆေးရုံတက်နေတဲ့သူတွေကို ကူညီပေးတယ်။ သူ ဒီလို ပြောပြတယ်– “သူတို့ရဲ့ ယုံကြည်ခြင်း၊ အကောင်းမြင်စိတ်ကို ကြည့်ပြီး ကိုယ့်သောကတွေကို မေ့သွားတယ်။ ဒဏ်ရာရပြီး နာကျင်နေတာတောင် အများစုက ဘုရားနိုင်ငံတော်သီချင်းတွေကို ပျော်ပျော်ရွှင်ရွှင် သီဆိုနေကြတုန်းပဲ။” နောက်ညီအစ်ကိုတစ်ယောက်လည်း အခုလိုပြောတယ်– “ချစ်ရတဲ့ ဒီညီအစ်ကို/မတချို့အတွက် ပုံမှန်ဘဝ ပြန်ရောက်ဖို့ အချိန်အတော်ကြာအုံးမှာ။ ဒါပေမဲ့ ညီအစ်ကိုအသင်းအပင်းက သူတို့ကို မေတ္တာတွေနဲ့ လွှမ်းခြုံပေးနေမယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်တို့ကို သိပ်ဂရုစိုက်တဲ့ ဘုရားသခင်က သူတို့တစ်ယောက်ချင်းစီကို အားကြီးတဲ့လက်တော်နဲ့ ဆုပ်ကိုင်သွားမယ်ဆိုတာ ကျွန်တော်ယုံတယ်။ ဒါကို သိထားလို့ ခွန်အားရပါတယ်။”

ယေဟောဝါက အိန္ဒိယက ချစ်ရတဲ့ညီအစ်ကို/မတွေရဲ့ ‘ကြေကွဲနေတဲ့စိတ်ကို ကုသပေးပြီး ဒဏ်ရာတွေကို စည်းပေး’ မယ်ဆိုတာ သိရလို့ ကမ္ဘာတစ်ဝန်းက ယုံကြည်သူချင်းတွေနဲ့အတူ ကျွန်တော်တို့လည်း နှစ်သိမ့်မှုရပါတယ်။—ဆာလံ ၁၄၇:၃