မာတိကာဆီ ကျော်သွား

ဆေးလိပ်သောက်တာ အပြစ်လား

ဆေးလိပ်သောက်တာ အပြစ်လား

ကျမ်းစာအဖြေ

 ကျမ်းစာမှာ ဆေးလိပ်သောက်ခြင်း၊ a ဆေးရွက်ကြီး သောက်သုံးခြင်းအကြောင်း မဖော်ပြထားဘူး။ ဒါပေမဲ့ ကျန်းမာရေး ထိခိုက်စေတဲ့၊ မသန့်ရှင်းတဲ့ အကျင့်တွေကို ဘုရား မနှစ်သက်ကြောင်း ဖော်ပြတဲ့ လမ်းညွှန်ချက်တွေတော့ ပါတယ်။ ဒီတော့ ဆေးလိပ်သောက်ခြင်းဟာ အပြစ်ဖြစ်မှန်း သိနိုင်တယ်။

  •   အသက်ကို တန်ဖိုးထားပါ။ ‘ဘုရားသခင်ဟာ လူအားလုံးကို အသက်နဲ့ ထွက်သက်ဝင်သက် ပေးတဲ့အရှင် ဖြစ်တယ်။’ (တမန်တော် ၁၇:၂၄၊ ၂၅) အသက်ဟာ ဘုရားပေး လက်ဆောင်ဖြစ်လို့ ဆေးလိပ်သောက်ခြင်းလိုမျိုး အသက်တိုစေနိုင်တာ မှန်သမျှ မလုပ်သင့်ဘူး။ ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်သောက်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အကျင့်တစ်ခုဖြစ်ပြီး ကာကွယ်တားဆီးလို့ ရနိုင်ပါတယ်။

  •   လူလူချင်းကို ချစ်ပါ။ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။” (မဿဲ ၂၂:၃၉) လူတောထဲ ဆေးလိပ်သောက်ခြင်းဟာ လူလူချင်းကို ချစ်ရာ မရောက်ဘူး။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရလေ့ရှိသူတွေဟာ ကိုယ်တိုင် သောက်သုံးသူတွေ ဖြစ်ပွားတဲ့ရောဂါမျိုး ခံစားရကြတယ်။

  •   သန့်ရှင်းပါ။ “အသက်ရှင်နေတဲ့၊ သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာအဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ဆက်သကြပါ။” (ရောမ ၁၂:၁) “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် အသက်ရှင်နေကြစို့။” (၂ ကောရိန္သု ၇:၁) ဆေးလိပ်သောက်ခြင်းဟာ သန့်ရှင်းစင်ကြယ်ခြင်းနဲ့ လုံးလုံး ဆန့်ကျင်ဘက်ဖြစ်တယ်။ ဆေးရွက်ကြီး သုံးစွဲသူတွေဟာ ကိုယ်ခန္ဓာကို အကြီးအကျယ် အန္တရာယ်ပြုတဲ့ အဆိပ်အတောက်တွေကို တမင်သုံးစွဲနေလို့ပဲ။

ဆေးခြောက်နဲ့ တခြားမူးယစ်ဆေးတွေ အပျော်တမ်းသဘောမျိုးနဲ့ သုံးစွဲခြင်းကိုရော ကျမ်းစာ ဘာပြောသလဲ

 Weed ဒါမှမဟုတ် pot လို့ခေါ်တဲ့ ဆေးခြောက်အကြောင်း၊ တခြားမူးယစ်ဆေးအကြောင်း ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ စွဲစေတတ်တဲ့ အဲဒီလိုအရာတွေကို စိတ်အပန်းဖြေစရာအနေနဲ့/အပျော်သဘောမျိုးနဲ့ မသုံးစွဲသင့်ကြောင်း ဖော်ပြတဲ့ လမ်းညွှန်ချက်တွေတော့ ပါတယ်။ အထက်ပါလမ်းညွှန်ချက်တွေအပြင် ဒီအချက်တွေလည်း အကျုံးဝင်တယ်–

  •   စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ထိန်းချုပ်တတ်ရမယ်။ “ယေဟောဝါဘုရားကို . . . ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ။” (မဿဲ ၂၂:၃၇၊ ၃၈) “အပြည့်အဝ သတိရှိကြပါ။” (၁ ပေတရု ၁:၁၃) မူးယစ်ဆေး သုံးစွဲသူတစ်ဦးဟာ စိတ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူး။ မူးယစ်ဆေး စွဲပြီး မသောက်ရမနေနိုင် ဖြစ်လာသူတွေ အမျာကြီးရှိတယ်။ အကျိုးပြုတာတွေကို မတွေးဘဲ မူးယစ်ဆေးဝါး ရဖို့ပဲ အာရုံစိုက်တတ်ကြတယ်။​—ဖိလိပ္ပိ ၄:၈

  •   ဥပဒေကို လိုက်နာပါ။ ‘အစိုးရနဲ့ အာဏာပိုင်တွေကို နာခံပါ။’ (တိတု ၃:၁) နိုင်ငံများစွာမှာ တချို့ မူးယစ်ဆေးဝါးတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ ဘုရားရဲ့ မျက်နှာသာရချင်ရင် အာဏာပိုင်တွေကို နာခံရမယ်။​—ရောမ ၁၃:၁

a ဆေးလိပ်သောက်ခြင်းဆိုတာ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ပိုက်၊ ရေပြောင်းတွေက တစ်ဆင့် ဆေးရွက်ကြီးအငွေ့ ရှူရှိုက်ခြင်းကို ဆိုလိုတယ်။ ဆေးရွက်ကြီး ငုံခြင်း၊ ဝါးခြင်း၊ ရှူခြင်း၊ နီကိုတင်းနဲ့ အလားတူပစ္စည်းတွေ ပါဝင်တဲ့ အီးစီးကရက် သောက်သုံးခြင်းတို့လည်း အကျုံးဝင်တယ်။