မာတိကာဆီ ကျော်သွား

အရက်ယမကာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုပြောထားသလဲ၊ အရက်သောက်တာ အပြစ်လား

အရက်ယမကာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုပြောထားသလဲ၊ အရက်သောက်တာ အပြစ်လား

ကျမ်းစာအဖြေ

 အရက်ယမကာကို တော်ရုံသင့်ရုံသောက်သုံးတာက အပြစ်မဟုတ်ပါဘူး။ ကျမ်းစာမှာ ဝိုင်ကို စိတ်ရွှင်လန်းစေနိုင်တဲ့ ဘုရားပေးလက်ဆောင်အဖြစ် ဖော်ပြထားတယ်။ (ဆာလံ ၁၀၄:၁၄၊ ၁၅; ဒေသနာ ၃:၁၃; ၉:၇) ဝိုင်ရဲ့ဆေးဖက်ဝင်အာနိသင်အကြောင်းကိုလည်း ကျမ်းစာမှာအသိအမှတ်ပြုထားတယ်။​—၁ တိမောသေ ၅:၂၃

 ယေရှု မြေကြီးပေါ်ရှိတုန်းက ဝိုင်သောက်ခဲ့တယ်။ (မဿဲ ၂၆:၂၉; လုကာ ၇:၃၄) လူသိများတဲ့ အံ့ဖွယ်အမှုတစ်ခုကတော့ မင်္ဂလာဆောင်ပွဲမှာ ရေကို ဝိုင်ဖြစ်သွားအောင် ယေရှု ပြောင်းလဲပေးလိုက်တာ ဖြစ်တယ်။​—ယောဟန် ၂:၁–၁၀

သောက်ကြူးခြင်းရဲ့ ဆိုးကျိုးများ

 ကျမ်းစာမှာ ဝိုင်ရဲ့ကောင်းကျိုးတွေအကြောင်း ဖော်ပြထားပေမဲ့ သောက်ကြူးခြင်းနဲ့ မူးယစ်ခြင်းကိုတော့ ပြစ်တင်ရှုတ်ချထားတယ်။ ဒါကြောင့် အရက်ယမကာသုံးဆောင်လိုတဲ့ ခရစ်ယာန်တစ်ဦးဟာ တော်ရုံသင့်ရုံသာ သောက်သုံးသင့်တယ်။ (၁ တိမောသေ ၃:၈; တိတု ၂:၂၊ ၃) သောက်ကြူးခြင်းကို ရှောင်သင့်တဲ့ အကြောင်းရင်းတွေကို ကျမ်းစာမှာဖော်ပြထားပါတယ်။

  •   ကောင်းကောင်း စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ချင့်ချိန်နိုင်စွမ်း မရှိတော့ဘူး။ (သုတ္တံ ၂၃:၂၉–၃၅) “အသက်ရှင်သော၊ သန့်ရှင်းသော၊ ဘုရားသခင် လက်ခံဖွယ်သော ယဇ်ဖြစ်သည့် မိမိတို့၏ကိုယ်ခန္ဓာကို ဆက်သကြလော့။ သို့ပြုလျှင် သင်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် ဘုရားဝတ်ကိုပြုခြင်းဖြစ်မည်” ဆိုတဲ့ ကျမ်းစာမိန့်ဆိုချက်ကို မူးယစ်နေသူတစ်ဦးက ဘယ်လိုလုပ် လိုက်လျှောက်နိုင်မှာလဲ။​—ရောမ ၁၂:၁

  •   သောက်ကြူးတဲ့အခါ အရှက်အကြောက်မဲ့လာပြီး “မှန်ရာလုပ်ချင်တဲ့စိတ်” လည်း မရှိတော့ဘူး။​—ဟောရှေ ၄:၁၁ကဘ; ဧဖက် ၅:၁၈

  •   ဆင်းရဲမွဲတေတဲ့ဘဝရောက်ပြီး ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်။​—သုတ္တံ ၂၃:၂၁၊ ၃၁၊ ၃၂

  •   သောက်စားမူးယစ်တာကို ဘုရားသခင် ရွံမုန်းတယ်။​—သုတ္တံ ၂၃:၂၀; ဂလာတိ ၅:၁၉–၂၁

ဘယ်လောက်ဆိုရင် သောက်ကြူးတာလဲ

 ကိုယ်တိုင်နဲ့ တခြားသူတွေကို ထိခိုက်နစ်နာစေတဲ့အဆင့်ရောက်ပြီဆိုရင်တော့ သောက်တာသိပ်များနေပြီ။ ကျမ်းစာအရဆိုရင် မူးယစ်ခြင်းဆိုတာ လူတစ်ဦး မူးပြီးလဲကျသွားမှမဟုတ်ဘဲ စိတ်ထွေတာ၊ ဒယီးဒယိုင် လမ်းလျှောက်တာ၊ အငြင်းအခုံလုပ်တာ၊ ဗလုံးဗထွေးပြောတာစတဲ့ အပြုအမူတွေကိုလည်း မူးယစ်ခြင်းလို့ သတ်မှတ်တယ်။ (ယောဘ ၁၂:၂၅; ဆာလံ ၁၀၇:၂၇; သုတ္တံ ၂၃:၂၉၊ ၃၀၊ ၃၃) မူးယစ်တဲ့အဆင့်အထိ မသောက်သူတွေတောင်မှ ‘သောက်ကြူး’ တဲ့အဆင့်ထိရောက်သွားနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်တယ်။​—လုကာ ၂၁:၃၄၊ ၃၅

လုံးလုံးရှောင်ခြင်း

 ခရစ်ယာန်တွေ အရက်ယမကာကို လုံးဝမသောက်သုံးသင့်တဲ့ အချိန်တွေရှိကြောင်းလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။

  •   ကိုယ်အရက်သောက်လို့ တခြားသူအတွက် စိတ်အနှောင့်အယှက် ဖြစ်မယ်ဆိုရင်။​—ရောမ ၁၄:၂၁

  •   အရက်ယမကာသောက်သုံးတာက နိုင်ငံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုရင်။​—ရောမ ၁၃:၁

  •   အရက်သောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူးဆိုရင်။ အရက်စွဲနေသူတွေနဲ့ အရက်ကို တစ်နည်းနည်းနဲ့ အလွဲသုံးနေသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကြပ်မတ်ရမယ်။​—မဿဲ ၅:၂၉၊ ၃၀