မာတိကာဆီ ကျော်သွား

လူငယ်များအမေး

လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုကို ဘယ်လိုဖြေရှင်းနိုင်မလဲ

လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုကို ဘယ်လိုဖြေရှင်းနိုင်မလဲ

 လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုဆိုတာ ဘာလဲ

 လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုမှာ လိင်နဲ့ပတ်သက်ပြီး မတော်မလျော် ပြောဆိုတာတွေ၊ ထိတွေ့တာတွေစတဲ့ မသင့်တော်တဲ့ အပြုအမူတွေ ပါဝင်တယ်။ တစ်ခါတလေတော့ စနောက်တာလား၊ အီစီကလီ လုပ်တာလား၊ လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှု ခံရတာလားဆိုတာ ခွဲခြားရခက်တယ်။

 အဲဒါတွေ တစ်ခုနဲ့တစ်ခု ဘာကွာသလဲဆိုတာ သင် သိပါသလား။ ဘယ်တစ်ခုက  လိင်ဆိုင်ရာစော်ကားနှောင့်ယှက်မှုလဲဆိုတာ အဖြေရှာကြည့်ပါ။

 ဝမ်းနည်းစရာက၊ လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုဆိုတာ ကျောင်းမှာတင် မဟုတ်ဘဲ နောက်ပိုင်းလည်း ကြုံလာနိုင်တဲ့ ပြဿနာ ဖြစ်တယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းတတ်ဖို့ အခုကတည်းက သင်ယူထားမယ်ဆိုရင် နောက်ပိုင်း အလုပ်ခွင်မှာ ဒီလိုပြဿနာ ကြုံလာခဲ့ရင် သင့်ဘက်က အဆင်သင့် ဖြစ်နေပါလိမ့်မယ်။ တခြားသူတွေကို မနှောင့်ယှက်အောင် အနှောင့်အယှက်ပေးတတ်သူတွေကို ဟန့်တားရာတောင် ရောက်နိုင်တယ်။

 လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုခံနေရရင် ဘာလုပ်ရမလဲ။

လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုကို ရပ်တန့်စေဖို့ဆိုရင် ဘယ်လိုအပြုအမူက လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုလဲ၊ အဲဒီအပြုအမူကို ဘယ်လို တုံ့ပြန်ရမလဲဆိုတာကို သိအောင်လုပ်ရမယ်။ ဆက်ဖော်ပြထားတဲ့ အခြေအနေသုံးခုကို သုံးသပ်ကြည့်ပါ။ သင်သာဆိုရင် ဘယ်လို တုံ့ပြန်မလဲ။

အခြေအနေ–

“အလုပ်မှာ ကျွန်မထက် အသက်အများကြီး ကြီးတဲ့သူတွေက ကျွန်မ ဘယ်လောက် လှကြောင်း၊ သူတို့အသက်ကို ၃၀ လောက် နောက်ဆုတ်လိုက်ချင်ကြောင်း ပြောကြတယ်။ တစ်ယောက်ဆိုရင် ကျွန်မနောက်ကိုလာပြီး ကျွန်မဆံပင်ကို နမ်းတယ်။”—တဘိသ၊ အသက် ၂၀။

တဘိသ ဒီလိုတွေးမိနိုင်တယ်– ‘ဂရုမစိုက်ဘဲနေလိုက်ရင် နောက်ပိုင်း သူ့ဘာသာသူ ရပ်သွားလိမ့်မယ်။’

အဲဒီလိုအတွေးက အကာအကွယ် မဖြစ်နိုင်– ဒီကိစ္စကို လေ့လာတဲ့သူတွေရဲ့အဆိုအရ လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှု ကြုံရသူတစ်ယောက်ဟာ သူ့အခြေအနေကို လျစ်လျူရှုထားမယ်ဆိုရင် ဆက်ပြီး နှောင့်ယှက်ခံရလေ့ရှိတဲ့အပြင် ပိုပိုဆိုးလာတတ်တယ်။

ဒီလိုစမ်းကြည့်ပါ– သူ့ရဲ့အပြောအဆို၊ အပြုအမူကို သည်းခံမှာ မဟုတ်ဘူးဆိုတာ အေးဆေးတည်ငြိမ်စွာ၊ တစ်ချိန်တည်းမှာ ရှင်းလင်းပြတ်သားစွာ ပြောပါ။ “တစ်ယောက်ယောက်က ကျွန်မကို မသင့်လျော်တဲ့နည်းနဲ့ လာထိတဲ့အခါ သူ့ဘက်လှည့်ပြီး နောက်ဘယ်တော့မှ အဲဒီလိုမလုပ်ဖို့ ပြောလိုက်တယ်။ အဲဒီအခါ တစ်ဖက်လူက လန့်သွားလေ့ရှိတယ်” ဆိုပြီး အသက် ၂၂ နှစ်ရှိသူ တာရင် ပြောတယ်။ သူဆက်လုပ်နေတယ်ဆိုရင် ကိုယ့်ဘက်က ခိုင်မာပါ၊ အလျှော့မပေးပါနဲ့။ မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းနဲ့ပတ်သက်လာရင် “ကြံ့ခိုင်စွာရပ်တည်” ဖို့ ကျမ်းစာက အကြံပေးထားတယ်။—ကောလောသဲ ၄:၁၂ခမ။

အနှောင့်အယှက်ပေးသူက သင့်ကို ခြိမ်းခြောက်လာရင်ကော။ အဲဒီလိုအခါမျိုးမှာ သူနဲ့ ထိပ်တိုက်မရင်ဆိုင်ပါနဲ့။ အဲဒီအခြေအနေကနေ ဖြစ်နိုင်သ၍ အမြန်ဆုံးထွက်ခွာပါ။ ကိုယ့်ထက်အသက်ကြီးပြီး ယုံကြည်စိတ်ချရသူတစ်ယောက်ဆီက အကူအညီယူပါ။

အခြေအနေ–

“ကျွန်မအသက် ၁၁ နှစ်လောက်တုန်းက ကျောင်းစင်္ကြံမှာ ကောင်မလေးနှစ်ယောက်က ကျွန်မကို ဆွဲထားတယ်။ တစ်ယောက်က လိင်တူသမား ဖြစ်တယ်။ သူက ကျွန်မနဲ့ တွဲချင်တယ်။ ကျွန်မက ငြင်းတော့ အတန်းအားတဲ့အချိန်တွေမှာ သူတို့ ကျွန်မကို လိုက်နှောင့်ယှက်တတ်တယ်။ တစ်ခေါက်ဆိုရင် ကျွန်မကို နံရံမှာချောင်ပိတ် တွန်းထားတယ်။”—ဗစ်တိုးရီးယား၊ ၁၈ နှစ်။

ဗစ်တိုးရီးယား ဒီလိုတွေးမိနိုင်တယ်– ‘ဒီအကြောင်း တခြားသူတွေကို ပြောပြလိုက်ရင် ငါ့ကို အဖြစ်မရှိတဲ့သူလို့ ထင်သွားမှာ၊ ငါပြောတာကိုလည်း ယုံချင်မှယုံကြမှာ။’

အဲဒီလိုအတွေးက အကာအကွယ်မဖြစ်နိုင်– တစ်ယောက်ယောက်ကို ပြောဖို့ တွန့်ဆုတ်နေတယ်ဆိုရင် ဆက်ပြီး နှောင့်ယှက်ခံရနိုင်တယ်၊ တခြားသူတွေကိုလည်း သူတို့ နှောင့်ယှက်ကြလိမ့်မယ်။—ဒေသနာ ၈:၁၁

ဒီလိုစမ်းကြည့်ပါ– အကူအညီယူပါ။ ဒီလိုနှောင့်ယှက်မှုကို သင်ရင်ဆိုင်နိုင်ဖို့ မိဘတွေနဲ့ ဆရာဆရာမတွေက သင့်ကို ကူညီနိုင်ပါတယ်။ ဒါပေမဲ့ သင်အကူအညီတောင်းတဲ့သူက သင့်ပြဿနာကို အလေးအနက်မထားရင်ကော။ ဒီလိုစမ်းကြည့်ပါ– သင်နှောင့်ယှက်ခံရတဲ့ အကြိမ်တိုင်း အသေးစိတ်ချ ရေးပါ။ နှောင့်ယှက်ခံရတဲ့နေ့၊ အချိန်၊ နေရာနဲ့ သင့်ကို နှောင့်ယှက်တဲ့သူ ပြောတဲ့စကားတွေကိုပါ ချရေးပါ။ ရေးထားတဲ့မိတ္တူကို သင့်မိဘ ဒါမှမဟုတ် ဆရာဆရာမကို ပေးပါ။ လူတွေက စကားနဲ့ တိုင်တာထက် စာရေးတိုင်တာကို ပိုအလေးအနက်ထားတတ်ကြတယ်။

အခြေအနေ–

“ရပ်ဘီဘောလုံးအဖွဲ့မှာပါတဲ့ ကောင်လေးတစ်ယောက်ကို ကျွန်မ အရမ်းကြောက်တာပဲ။ သူ့အရပ်က ခြောက်ပေခွဲလောက်ရှိပြီး ပေါင် ၃၀၀ လောက်ရှိမယ် ထင်တယ်။ သူက ကျွန်မနဲ့ တွဲချင်တာ အရူးအမူးပဲ။ နေ့တိုင်းလိုလို ကျွန်မကို လိုက်နှောင့်ယှက်တာ တစ်နှစ်လုံးပဲ။ တစ်နေ့တော့ အခန်းထဲမှာ ဘယ်သူမှ မရှိတော့တဲ့အချိန် သူ ကျွန်မနား ကပ်လာတယ်။ ကျွန်မ အခန်းအပြင် ထွက်ပြေးရတယ်။”—ဂျူလီအက်တာ၊ အသက် ၁၈ နှစ်။

ဂျူလီအက်တာ ဒီလိုတွေးမိနိုင်တယ်– ‘ကောင်လေးတွေက ဒီလိုပါပဲ။’

အဲဒီလိုအတွေးက အကာအကွယ်မဖြစ်နိုင်– သင့်ကို နှောင့်ယှက်တဲ့သူက သူ့အပြုအမူကို တခြားသူတွေ လက်ခံတယ်လို့ ယူဆမယ်ဆိုရင် သူပြောင်းလဲမှာ မဟုတ်ဘူး။

ဒီလိုစမ်းကြည့်ပါ– ဟာသလို သဘောထားတာတို့၊ ပြုံးပြုံးလေးနဲ့တုံ့ပြန်တာတို့ မလုပ်မိပါစေနဲ့။ ဘယ်လို အပြုအမူကို သင်သည်းခံနိုင်ပေမဲ့ ဘယ်လို အပြုအမူကို သင်လုံးဝ မကြိုက်ဘူးဆိုတာ သင့်မျက်နှာနေမျက်နှာထား အပါအဝင် သင့်ရဲ့ တုံ့ပြန်မှုတိုင်းမှာ ပေါ်လွင်စေပါ။

 ငါသာဆို ဘာလုပ်မလဲ

ဖြစ်ရပ်မှန် ၁–

“ကျွန်မက လူတွေနဲ့ ပြေပြေလည်လည်ပဲ ဆက်ဆံချင်တယ်။ အဲဒါကြောင့် နှောင့်ယှက်ခံရတဲ့အခါ မလုပ်နဲ့လို့ ပြောပေမဲ့ ကျွန်မလေသံက ပြတ်သားမှု သိပ်မရှိဘူး၊ ပြုံးပြုံးလေးနဲ့ ပြောမိသွားတတ်တယ်။ ဒါနဲ့ ကျွန်မ အီစီကလီ လုပ်နေတယ်လို့ သူတို့ ထင်သွားရော။”—တဘိသ။

  • တဘိသနေရာမှာ သင်သာဆိုရင် အဲဒီလိုနှောင့်ယှက်ခံရတဲ့အခါ ဘယ်လို ဖြေရှင်းမလဲ။ ဘာကြောင့်လဲ။

  • ဘယ်လို အပြုအမူအပြောအဆိုတွေက အီစီကလီ လုပ်နေတယ်လို့ ထင်သွားစေနိုင်သလဲ။

ဖြစ်ရပ်မှန် ၂–

“ကာယအချိန်မှာ ကောင်လေးတချို့က ညစ်ပတ်တဲ့ စကားတစ်ခွန်း နှစ်ခွန်းပြောရာကနေ စခဲ့တာ။ ပထမတော့ သူတို့ပြောတာကို ကျွန်မဂရုမစိုက်ဘူး၊ နောက်ပိုင်း သူတို့ ပိုပိုဆိုးလာတယ်။ တချို့ကောင်လေးတွေက ကျွန်မ ဘေးနားမှာ လာထိုင်ပြီး ကျွန်မကို လာဖက်တယ်။ ကျွန်မ သူတို့ကို တွန်းထုတ်လိုက်ပေမဲ့ သူတို့ ဆက်လုပ်နေတုန်းပဲ။ နောက်ဆုံး ကောင်လေးတစ်ယောက်က ညစ်ညမ်းတဲ့ စကားတွေ ရေးထားတဲ့ စာရွက်တစ်ရွက်လာပေးတယ်။ အဲဒါကို ကျွန်မ ဆရာကို သွားပေးလိုက်တယ်။ အဲဒီကောင်လေး ကျောင်းနားခံလိုက်ရတယ်။ တကယ်တော့ စဖြစ်ဖြစ်ချင်း ဆရာ့ဆီသွားသင့်တာ၊ အခုမှပဲ သဘောပေါက်တော့တယ်။”—စဘီနာ။

  • စဘီနာက ဆရာ့ဆီ စောစောစီးစီး မသွားတာ ဘာကြောင့်လို့ သင်ထင်သလဲ။ အဲဒီလိုမသွားတာ မှန်ကန်တဲ့ လုပ်ရပ်လား။ ဘာဖြစ်လို့လဲ။

ဖြစ်ရပ်မှန် ၃–

“အိမ်သာမှာ ကျွန်မမောင်လေး ဂရဒ်အနားကို တခြားကောင်လေးတစ်ယောက် ကပ်လာတယ်။ အဲဒီကောင်လေးက အနားနားကပ်ပြီးတော့ ‘ငါ့ကိုနမ်းစမ်း’ လို့ ပြောတယ်။ ကျွန်မမောင်လေးက မနမ်းဘူးလို့ ပြောပေမဲ့ အဲဒီကောင်လေးက ထွက်မသွားဘူး။ နောက်ဆုံး ဂရဒ်က သူ့ကို တွန်းထုတ်လိုက်ရတယ်။”—ဆူစန်။

  • ဂရဒ်က လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှု ခံရတာလား။ ဘာကြောင့်လဲ။

  • တချို့ကောင်လေးတွေက သူတို့ကို တခြားကောင်လေးတွေ လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်တဲ့အခါ ပြတ်ပြတ်သားသား ငြင်းဆန်ဖို့ တွန့်ဆုတ်တတ်ကြတယ်၊ ဘာကြောင့်လို့ သင်ထင်သလဲ။

  • ဂရဒ်ရဲ့ လုပ်ရပ်က မှန်တယ်လို့ သင်ယူဆသလား။ သင်သာ ဂရဒ်နေရာမှာဆိုရင် ဘာလုပ်မလဲ။