မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မည်မျှကြာကြာ အသက်ရှင်နိုင်သနည်း

သင်မည်မျှကြာကြာ အသက်ရှင်နိုင်သနည်း

သင်မည်မျှကြာကြာ အသက်ရှင်နိုင်သနည်း

“ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့် တစ်ဖန်ပြည့်စုံလိမ့်မည်။”—ယောဘ ၃၃:၂၅

ခွေးတစ်ကောင်သည် ၁၀ နှစ်၊ အနှစ် ၂၀ ခန့်အသက်ရှင်ပြီးနောက် သေဆုံးသွားသောအခါ ခွေးများ ပုံမှန်ပြုလုပ်ရသည့် အလုပ်အများစုကို ပြုလုပ်ပြီးဖြစ်ပေမည်။ သားပေါက်ပေးမည်၊ ကြောင်များကိုလိုက်ဖမ်းမည်၊ သူတို့ကိုကျွေးသော အရိုးများကိုဝှက်၍ကိုက်ကြကာ သခင်ကို ကာကွယ်စောင့်ရှောက်ပေးပေမည်။ သို့သော် လူတစ်ဦးသည် အနှစ် ၇၀၊ ၈၀ အသက်ရှင်ပြီးနောက် သေဆုံးသွားသောအခါ မိမိလုပ်ဆောင်နိုင်ရာ၏ အနည်းငယ်ကိုသာ လုပ်နိုင်ခဲ့သည်။ အားကစားဝါသနာပါ,ပါက ယင်းတို့မှ တစ်မျိုး၊ နှစ်မျိုးတွင်သာ ထူးချွန်နိုင်ပေမည်။ တေးဂီတဝါသနာပါ,ပါက တူရိယာ တစ်မျိုး၊ နှစ်မျိုးကိုသာ ကျွမ်းကျင်စွာတီးမှုတ်တတ်ပေမည်။ ဘာသာခြားစကားကို ပြောဆိုလိုပါက ဘာသာစကားနှစ်မျိုး၊ သုံးမျိုးသာ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပေမည်။ အကယ်၍ သူသာ သက်တမ်းကြာကြာအသက်ရှင်ရပါက လူများနှင့် တွေ့ဆုံခြင်း၊ အကြောင်းအရာအသစ်များကို ရှာဖွေလေ့လာခြင်း၊ ဘုရားသခင်ထံချဉ်းကပ်ခြင်း စသည့်နှစ်လို့ဖွယ်အရာများစွာတို့ကို မွေ့လျော်နိုင်ပေမည်။

‘ဘုရားသခင်သည် အရာများစွာကို မွေ့လျော်ခံစားနိုင်သည့် ဉာဏ်နှင့် အရာအနည်းငယ်ကိုသာ ခံစားနိုင်သည့် တိုတောင်းလှသောသက်တမ်းတို့ဖြင့် လူကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း’ ဟု သင်တွေးမိပေမည်။ တိုတောင်းလှသောလူ့သက်တမ်းသည် ဖန်ဆင်းခြင်းတွင်ပေါ်လွင်သော ရည်ရွယ်ချက်ရှိရှိပုံစံပြုထားသည့်စံနှင့် ကိုက်ညီမှုရှိပုံမပေါ်ပါ။ ‘ဘုရားသခင်သည် လူကို တရားမျှတမှု၊ ထောက်ထားစာနာမှု စသည့်ထူးခြားသောအရည်အသွေးများနှင့် ဖန်ဆင်းထားပြီး တစ်ချိန်တည်းတွင် အမှားပြုလိုသည့်ဆန္ဒကို အဘယ်ကြောင့် ထည့်သွင်းပေးခဲ့သနည်း’ ဟုလည်း သင်တွေးမိပေမည်။

သင်သည် ကောင်းမွန်လှသောကားတစ်စီးတွင် ချိုင့်ခွက်ရာတစ်ခု တွေ့လိုက်ပါက ယင်းသည် ဒီဇိုင်းပုံစံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုမည်လော။ လုံးဝဆိုမည်မဟုတ်ပါ။ ‘ကားကို ဤသို့ပုံစံပြုထုတ်လုပ်ခဲ့ခြင်းမဟုတ်။ ယင်းကို ကောင်းမွန်စွာ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် တစ်စုံတစ်ဦးက ဖျက်ဆီးခဲ့သည်’ ဟုသာ သင်စဉ်းစားမည်မှာ ယုံမှားဖွယ်မရှိပေ။ ထိုနည်းတူ လူ့ဘဝအသက်တာ၏ ထူးဆန်းအံ့ဩဖွယ် အမွေအနှစ်ကို စဉ်းစားသုံးသပ်သည့်အခါ ဘဝကို ယခုကဲ့သို့ရည်ရွယ်၍ ပုံစံပြုခဲ့ခြင်းမဟုတ်ဟု ကျွန်ုပ်တို့ ကောက်ချက်ချနိုင်သည်။ ကျွန်ုပ်တို့၏ တိုတောင်းလှသောသက်တမ်းနှင့် အမှားပြုလိုသောဆန္ဒသည် အရုပ်ဆိုးသောချိုင့်ခွက်ရာနှင့်တူသည်။ တစ်စုံတစ်ဦးက လူ့အမွေအနှစ်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေပါသည်။ အဘယ်သူနည်း။ သမ္မာကျမ်းစာအထောက်အထားက တရားခံတစ်ဦးကို အခိုင်အမာ ဖော်ပြသည်။

လူသားမျိုးနွယ်သည် အဆုံးမရှိအသက်တာနှင့် နေထိုင်နိုင်စွမ်းဖြင့် အစပြုခဲ့ပါက လူ့မျိုးနွယ်တစ်ခုလုံး၏ အမွေအနှစ်ကို မည်သူ ဖျက်ဆီးပစ်နိုင်ပါမည်နည်း။ ကျွန်ုပ်တို့အားလုံး ဆင်းသက်လာရာ လူသားအားလုံး၏ ဘိုးဘေးသာလျှင်ဖြစ်နိုင်ပါသည်။ အခြားသူတစ်ဦးမူ လူ့အစိတ်အပိုင်းမျှဖြစ်သော မျိုးရိုးဗီဇဖြစ်သည့် သူ၏မျိုးဆက်ကိုသာ ဖျက်ဆီးနိုင်ပေလိမ့်မည်။ ထို့ကြောင့် သမ္မာကျမ်းစာက ဤသို့ပြောသောအခါ သတိပြုစရာအချက်များနှင့် ကိုက်ညီသည်– “အပြစ်တရားသည် တစ်ယောက်သောသူ [ပထမလူသားအာဒံ] အားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) ထို့ကြောင့် သမ္မာကျမ်းစာက အာဒံအား ကျွန်ုပ်တို့၏အမွေအနှစ်ကို ဖျက်ဆီးသူအဖြစ် အပြစ်တင်ထားသည်။ လူ့အသက်တာကို မူလက မည်သို့ပုံစံပြုခဲ့သနည်း။

မူလပုံစံကို သိနားလည်ခြင်း

သမ္မာကျမ်းစာက သေခြင်းတရား “ဤလောကသို့ဝင်သည်” ဟုဆိုထားခြင်းဖြင့် မူလက လူသားများကို သေဖို့မရည်ရွယ်ထားကြောင်း ဖော်ပြသည်။ အိုမင်းခြင်းနှင့် သေဆုံးခြင်းသည် ဘုရားသခင်ကို ပထမလူသားပုန်ကန်ခဲ့ခြင်း၏ ရလဒ်ဖြစ်သည်။ သို့သော် တိရစ္ဆာန်များကိုမူ ထာဝစဉ်အသက်ရှင်ရန် မရည်ရွယ်ခဲ့ပါ။—ကမ္ဘာဦး ၃:၂၁; ၄:၄; ၉:၃၊ ၄

လူသားများကို တိရစ္ဆာန်များနှင့် ခြားနားစွာ ပုံစံပြုလုပ်ခဲ့သည်။ ကောင်းကင်တမန်များသည် လူသားများထက် အဆင့်မြင့်သကဲ့သို့ ကျွန်ုပ်တို့သည် တိရစ္ဆာန်များထက် ပို၍အဆင့်မြင့်သောပုံစံဖြစ်သည်။ (ဟေဗြဲ ၂:၇) တိရစ္ဆာန်များနှင့် မတူသည်မှာ လူသည် “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံခဲ့ရသည်။ (ကမ္ဘာဦး ၁:၂၇) ထို့ပြင် သမ္မာကျမ်းစာတွင် အာဒံကို တိရစ္ဆာန်များနှင့်ခြားနားစွာ “ဘုရားသခင့်သား” ဟုခေါ်ထားသည်။ (လုကာ ၃:၃၈သမ္မာ) ထို့ကြောင့် လူကို အိုမင်းလာပြီး သေဆုံးရန် ပုံစံပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း ယုံကြည်ရန် ခိုင်လုံသောအကြောင်းရင်းရှိပါသည်။ ဘုရားသခင်သည် မသေဆုံးဘဲ ထာဝစဉ်တည်သောကြောင့် ကိုယ်တော်၏သားများကိုလည်း သေဆုံးရန် ဖန်ဆင်းတော်မမူခဲ့ချေ။—ဟဗက္ကုတ် ၁:၁၂; ရောမ ၈:၂၀၊ ၂၁

လူ့အသက်အတွက် ဘုရားသခင့် မူလပုံစံနှင့်ပတ်သက်သည့် အခြားထိုးထွင်းသိမြင်မှုကို ပထမလူ့မျိုးဆက်၏ သမိုင်းဆိုင်ရာမှတ်တမ်းများမှ ရနိုင်သည်။ ထိုအချိန်တွင် လူတို့သည် မအိုမင်းမီ ရာစုနှစ်များစွာ အသက်ရှင်ခဲ့ကြသည်။ အာဒံသည် နှစ်ပေါင်း ၉၃၀ အသက်ရှင်ခဲ့သည်။ သူ့နောက်ပိုင်းမျိုးဆက်များဖြစ်သည့် နောဧသားရှေမသည် နှစ်ပေါင်း ၆၀၀ သာအသက်ရှင်၍ အာဖာဇဒ်သည် ၄၃၈ နှစ်အသက်ရှင်ခဲ့သည်။ * (ကမ္ဘာဦး ၅:၅; ၁၁:၁၀-၁၃) နောက်ပိုင်းတွင် အာဗြဟံသည် ၁၇၅ နှစ်အသက်ရှင်ခဲ့သည်။ (ကမ္ဘာဦး ၂၅:၇) လူ့သက်တမ်းပေါ် အပြစ်၏အကျိုးသက်ရောက်မှုများသည် ပိုဆိုးလာပုံရပြီး လူသားများသည် မူလစုံလင်သောပုံစံနှင့် အလှမ်းဝေးလေလေ သက်တမ်းတိုလေလေဖြစ်ပုံရသည်။ သို့သော် အစပိုင်းတွင် လူတို့ ထာဝစဉ်အသက်ရှင်ရန် ဖန်ဆင်းခဲ့သည်။ ထို့ကြောင့် ‘လူသားတို့ အဆုံးမဲ့အသက်တာဖြင့် ဘဝကိုမွေ့လျော်ရန် ဘုရားသခင် အလိုရှိဆဲလော’ ဟုသိလိုခြင်းမှာ သဘာဝကျပါသည်။

အိုမင်းခြင်းမှ လွတ်မြောက်မှု

ယေဟောဝါဘုရားသခင်သည် မိမိကိုမနာခံသူအားလုံး သေခြင်းဖြင့် အပြစ်အတွက် ပေးဆပ်ရမည်ဟု ကြေညာထားရာ အာဒံ၏သားစဉ်မြေးဆက်များ၏ အခြေအနေသည် မျှော်လင့်ချက်မရှိပုံပေါက်သည်။ (ကမ္ဘာဦး ၂:၁၇) သို့သော် မှုတ်သွင်းခံသမ္မာကျမ်းစာတွင် တစ်စုံတစ်ဦးသည် အိုမင်းခြင်းဖြစ်စဉ်မှ လွတ်မြောက်မှုရရန် ပေးဆပ်မည်ဟူသည့် မျှော်လင့်ချက် ပေးထားသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “ဘုရားသခင်က သင်္ချိုင်းတွင်းထဲသို့ ထိုသူကိုမဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကိုငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊ ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့်တစ်ဖန်ပြည့်စုံလိမ့်မည်။” (ယောဘ ၃၃:၂၄၊ ၂၅; ဟေရှာယ ၅၃:၄၊ ၁၂) ဤတွင် သမ္မာကျမ်းစာသည် အံ့ချီးဖွယ်အလားအလာဖြစ်သည့် အိုမင်းခြင်းဖြစ်စဉ်မှ လွတ်မြောက်စေမည့် ရွေးနုတ်ဖိုးပေးမည့်သူတစ်ဦးအကြောင်း ဖော်ပြထားသည်။

ဤရွေးနုတ်ဖိုးကို မည်သူပေးနိုင်သနည်း။ ပေးဆပ်ရမည့်ရွေးနုတ်ဖိုးကို ငွေနှင့်မဝယ်နိုင်ပါ။ မစုံလင်သောလူသားများနှင့် ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌မပေးနိုင်။ . . . ရွေးလျှင် အစဉ်အမြဲအသက်ရှင်ရာ၏။” (ဆာလံ ၄၉:၇-၉) သို့သော် ငွေထက်ပိုတန်ဖိုးရှိသည့် တစ်စုံတစ်ရာ ယေရှုခရစ်တွင်ရှိသည်။ ဘုရားသခင်၏သားအနေနှင့် အာဒံ၏အပြစ်ကို အမွေမခံရသောကြောင့် မြေကြီးပေါ်ရှိစဉ် ကိုယ်တော့်တွင် စုံလင်သောလူ့အသက်ရှိသည်။ ယေရှုက “မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ” ကြွလာသည်ဟုဆိုခဲ့သည်။ အခြားတစ်ချိန်တွင် ယေရှုက လူတို့ “အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာလာ” သည် ဟုမိန့်ဆိုခဲ့သည်။—မဿဲ ၂၀:၂၈; ယောဟန် ၁၀:၁၀

ယေရှု၏ ဟောပြောခြင်းလုပ်ငန်း၏ အဓိကအကြောင်းမှာ အဆုံးမဲ့အသက်တာရမည့် မျှော်လင့်ချက်ဖြစ်သည်။ တစ်ချိန်တွင် ကိုယ်တော့်သစ္စာရှိနောက်လိုက် ပေတရုက “ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏” ဟုဆိုခဲ့သည်။ (ယောဟန် ၆:၆၈) သမ္မာကျမ်းစာတွင် ထာဝရအသက်အကြောင်းပြောသောအခါ အဘယ်အရာကိုဆိုလိုသနည်း။

အဆုံးမဲ့အသက်တာ

ယေရှု၏တပည့်များသည် ယေရှု၏နိုင်ငံတော်အုပ်ချုပ်မှုတွင် ပါဝင်သူများအဖြစ် ကောင်းကင်တွင် အဆုံးမဲ့အသက်တာကို မွေ့လျော်ခံစားရန် မျှော်လင့်ခဲ့ကြသည်။ (လုကာ ၂၂:၂၉; ယောဟန် ၁၄:၃) သို့သော် ကမ္ဘာမြေကြီးအတွက် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း ကိုယ်တော် မကြာခဏပြောခဲ့သည်။ (မဿဲ ၅:၅; မဿဲ ၆:၁၀; လုကာ ၂၃:၄၃) ထို့ကြောင့် ယေရှုပြုခဲ့သောအံ့ဖွယ်အမှုများနှင့် ထာဝရအသက်အကြောင်း သွန်သင်တော်မူချက်တို့က ပရောဖက်ဟေရှာယမှတစ်ဆင့် နှစ်ပေါင်းများစွာကြိုတင်၍ ကတိပြုခဲ့သော ဘုရားသခင့်ကတိတော်များကို ပိုခိုင်မာစေသည်။ ဟေရှာယ ဤသို့ရေးသားခဲ့သည်– ‘သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။’ (ဟေရှာယ ၂၅:၈) လူ့အသက်သည် ကုန်မြန်လှသောလူငယ့်ဘဝပြီးနောက် ယုတ်လျော့ကျဆင်းလာသည့် အိုမင်းမစွမ်းသည့်နှစ်များမျှသာ ဖြစ်တော့မည်မဟုတ်ပေ။

ဘုရားသခင့်ကမ္ဘာသစ်တွင် သစ္စာရှိလူသားများသည် စုံလင်ခြင်းသို့ရောက်သောအခါ အိုမင်းခြင်းဖြစ်စဉ်မှ လွတ်မြောက်မှုခံစားရပါလိမ့်မည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အဖန်ဆင်းခံကမ္ဘာလောကသည် ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင်၏သားသမီးများနှင့်အတူ လွတ်လပ်မှုဘုန်းအသရေကို ခံစားခွင့်ရရှိလိမ့်မည်ဖြစ်သည်။” (ရောမ ၈:၂၁သတင်းကောင်း) မြင်ယောင်ကြည့်ပါ။ လူသားများသည် ဉာဏ်ပညာနှင့် အတွေ့အကြုံများသည်ထက်များလာမည်။ ရာစုနှစ်များ ကုန်လွန်သွားသော်လည်း လူငယ့်ဘဝ၏ ရုပ်ပိုင်းဆိုင်ရာ ဖျတ်လတ်သန်မာမှုများသည် ဘယ်တော့မျှ ယိုယွင်းသွားမည်မဟုတ်။ ထိုအချိန်ကို တွေ့ကြုံခံစားရရန် သင်အသက်ရှင်လိမ့်မည်လော။

သင်မည်မျှကြာကြာ အသက်ရှင်မည်နည်း

ယေရှုမိန့်တော်မူသကဲ့သို့ ဘုရားသခင့် တရားစီရင်ရာနေ့ကြောင့် မြေကြီးပေါ်တွင် လူအနည်းငယ်သာကျန်ရှိပေလိမ့်မည်။ (မဿဲ ၂၄:၂၁၊ ၂၂) ယေရှု ဤသို့ဆိုသည်– “ပျက်စီးခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။”—မဿဲ ၇:၁၃၊ ၁၄

သင်သည် အဆုံးမဲ့အသက်တာကို မွေ့လျော်ခံစားမည့်သူများအဝင်ဖြစ်ရန် ဘုရားသခင့်မျက်နှာတော်ရဖို့လိုသည်။ ထိုသို့ရနိုင်ရန် ဘုရားသခင်အကြောင်း သင်ယူခြင်းသည် အစဖြစ်၏။ ယေရှုက “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုဆိုသည်။ (ယောဟန် ၁၇:၃) ဘုရားသခင်ကို ကောင်းစွာသိကျွမ်းရန် အားစိုက်ထုတ်မှုလိုအပ်သော်လည်း ထိုသို့အားစိုက်ရကျိုးနပ်ပါသည်။ နေ့စဉ်အစားအစာအတွက် ငွေရှာရသကဲ့သို့ဖြစ်သည်။ ဘုရားသခင်နှင့်ပတ်သက်သော အသိပညာကို အစားအစာနှင့်ခိုင်းနှိုင်းပြီး ယေရှု ဤသို့တိုက်တွန်းခဲ့သည်– “ပျက်စီးတတ်သောအစာကိုရခြင်းငှာ မကြိုးစားကြနှင့်။ . . . ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကိုရခြင်းငှာ ကြိုးစားကြလော့။” (ယောဟန် ၆:၂၇) အဆုံးမဲ့အသက်တာရရန် သင်ပြုလုပ်နိုင်သည့် မည်သည့်အားစိုက်ထုတ်မှုမဆိုသည် အကျိုးမနပ်ပေလော။—မဿဲ ၁၆:၂၆

ယေရှု ဤသို့ဆိုသည်– ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏။’ (ယောဟန် ၃:၁၆) ထို့ကြောင့် သင်မည်မျှကြာရှည်စွာ အသက်ရှင်မည်ဆိုသည်မှာ ဘုရားသခင့်မေတ္တာတော်ကို သင်တုံ့ပြန်ပုံပေါ်မူတည်နေသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 အချို့က သမ္မာကျမ်းစာမှတ်တမ်းတွင် ဖော်ပြထားသောနှစ်များမှာ အမှန်အားဖြင့် လများသာဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။ သို့သော် ကျမ်းစာက အာဖာဇဒ်သည် အသက်သုံးဆယ့်ငါးနှစ်တွင် သားရှာလကိုမြင်၏ဟုဆိုသည်။ ယင်းသည် ၃၅ လကိုဆိုလိုပါက အာဖာဇဒ်သည် အသက်သုံးနှစ်ပင် မပြည့်သေးမီ ကလေးရခြင်းဖြစ်သည်။ ယင်းသည် လုံးဝမဖြစ်နိုင်ချေ။ ထို့ပြင် ကမ္ဘာဦးကျမ်း၏ ပထမအခန်းကြီးများသည် နေကိုအခြေပြုသောနှစ်များနှင့် လကိုအခြေပြုသောလများကို ခွဲခြားဖော်ပြထားသည်။—ကမ္ဘာဦး ၁:၁၄-၁၆; ၇:၁၁

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

လူတစ်ဦးသည် အနှစ် ၇၀၊ ၈၀ အသက်ရှင်ပြီးနောက် သေဆုံးသောအခါ မိမိလုပ်ဆောင်နိုင်ရာ၏ အနည်းငယ်ကိုသာ လုပ်နိုင်ခဲ့သည်

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

လူသားများသည် တိရစ္ဆာန် များထက် ပို၍အဆင့်မြင့် သောပုံစံမျိုးဖြင့် ပုံစံပြုခံရ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဤကားကို မူလကပင် ချိုင့်ခွက်ရာတစ်ခုနှင့် ပုံစံပြုလုပ်ခဲ့သလော

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

ဘုရားသခင့်နှုတ်မြွက်တော်က လူသားများသည် “ပျိုသောအသက်နှင့်တစ်ဖန် ပြည့်စုံလိမ့်မည်” ဟုဆိုထား