မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကွာရှင်းခြင်းနှင့်ပတ်သက်ပြီး သိသင့်သောအချက် လေးချက်

ကွာရှင်းခြင်းနှင့်ပတ်သက်ပြီး သိသင့်သောအချက် လေးချက်

အိမ်ပိုင်ရှင်များသည် အိမ်၏အပျက်အစီးကို အကဲဖြတ်ပြီးနောက် သူတို့ရွေးချယ်နိုင်သည်မှာ အိမ်ကို ဖြိုဖျက်မည်လော၊ ပြုပြင်မွမ်းမံမည်လော။

သင့်အိမ်ထောင်သည် အလားတူပင် ဖြစ်သည်ဟု ခံစားရပါသလော။ သင့်အိမ်ထောင်ဖက်က အယုံအကြည်မဲ့အောင်ပြုလုပ်ခြင်း သို့မဟုတ် မကြာခဏငြင်းခုံမှုကြောင့် သင်တို့ဆက်ဆံရေးမှ ပျော်ရွှင်မှုကို လျော့နည်းသွားစေခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ ထိုသို့ဖြစ်ပါက မိမိကိုယ်ကို ဤသို့ပြောမိပေမည်– ‘တို့နှစ်ယောက် မချစ်ကြတော့ပါလား’ သို့မဟုတ် ‘တို့နှစ်ယောက်အသွင်မတူကြပါလား’ သို့မဟုတ် ‘တို့လက်ထပ်ခဲ့တုန်းက တို့ဘာလုပ်နေတယ်ဆိုတာ မသိခဲ့ကြပါလား။’ ဤသို့ပင် သင်စဉ်းစားပေမည်– ‘ကွာရှင်းလိုက်တာပဲ ကောင်းမှာပါ။’

သင့်အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ဖို့ အဆောတလျင် ဆုံးဖြတ်ချက် မချမီ စဉ်းစားပါ။ ကွာရှင်းခြင်းသည် ဘဝစိုးရိမ်ပူပန်မှုများကို အမြဲအဆုံးသတ်ပေးလေ့မရှိပါ။ ယင်းအစား ပြဿနာတစ်ခုကို နောက်တစ်ခုဖြင့် ဖလှယ်ခြင်းသာဖြစ်သည်။ ဒေါက်တာ ဘရက်ဒ် ဆတ်ခ်ျက သူ၏စာအုပ် (The Good Enough Teen) တွင် ဤသို့သတိပေးသည်– “ကွာရှင်းခြင်းကို ရှာကြံနေကြသော ဇနီးမောင်နှံတို့သည် ပြီးပြည့်စုံသောကွာရှင်းမှုဖြင့် မချမ်းမြေ့ဖွယ်၊ ဒေါသတကြီး ရန်ပွဲမုန်တိုင်းများကို ရုတ်တရက် ထာ၀စဉ် ချုပ်ငြိမ်းစေကာ နှစ်လို့ဖွယ်တည်ငြိမ်အေးချမ်းသော လေပြည်လေညင်းအစားထိုးမည်ဟု စိတ်ကူးယဉ်ခဲ့ကြသည်။ ယင်းသို့သောအခြေအနေသည် ပြီးပြည့်စုံလင်သည့်အိမ်ထောင်ကို အစဉ်ထာဝရ တွေ့နိုင်ခဲသကဲ့သို့ ဖြစ်၏။’’ ထို့ကြောင့် ကွာရှင်းခြင်းပြဿနာကို ကောင်းကောင်းနားလည်ရန်နှင့် လက်တွေ့ကျကျ ဖြေရှင်းရန် အရေးကြီးသည်။

ကျမ်းစာနှင့် ကွာရှင်းခြင်း

သမ္မာကျမ်းစာတွင် ကွာရှင်းခြင်းကို အသေးအမွှားကိစ္စအဖြစ် မဖော်ပြထားပါ။ နောက်ကြင်ဖော်တစ်ဦးယူဖို့ ဖြစ်ကောင်းဖြစ်မည့် ရည်ရွယ်ချက်ဖြင့် အကြောင်းမခိုင်လုံဘဲ မိမိ၏အိမ်ထောင်ဖက်အား စွန့်ပယ်ခြင်းကို သစ္စာဖျက်ခြင်းအဖြစ် ယေဟောဝါဘုရားသခင် ရှုမြင်ပြီး ယင်းကို ကိုယ်တော်မုန်းတော်မူ၏ဟု ကျမ်းစာတွင် ဖော်ပြထားသည်။ (မာလခိ ၂:၁၃-၁၆) အိမ်ထောင်ရေးသည် ထာဝရနှောင်ကြိုးဖြစ်ပြီး စွန့်ပယ်၍ရသောအရာအဖြစ် ယူမှတ်ရန် မဟုတ်ပါ။ (မဿဲ ၁၉:၆) အသေးအဖွဲကိစ္စများကြောင့် လမ်းခွဲခဲ့ကြသော အိမ်ထောင်များစွာသည် တစ်ဦးနှင့်တစ်ဦး ပို၍ခွင့်လွှတ်ခဲ့ကြပါက သူတို့၏အိမ်ထောင်မပြိုကွဲအောင် ထိန်းသိမ်းနိုင်ခဲ့မည်ဖြစ်သည်။—မဿဲ ၁၈:၂၁၊ ၂၂

တစ်ချိန်တည်းတွင် ကွာရှင်းဖို့နှင့် နောက်အိမ်ထောင်ပြုဖို့ သမ္မာကျမ်းစာခွင့်ပြုသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်း ဖြစ်သည်။ (မဿဲ ၁၉:၉) ထို့ကြောင့် သင်သည် သင့်အိမ်ထောင်ဖက် သစ္စာမရှိကြောင်း သိရှိပါက သင့်တွင် အိမ်ထောင်ရေးကို အဆုံးသတ်ပိုင်ခွင့် ရှိသည်။ အခြားသူတို့၏အမြင်ကို သင့်အပေါ်မလွှမ်းမိုးစေသင့်ပါ၊ ထို့ပြင် သင်ဘာလုပ်ရမည်ကို ပြောပြရန် ဤဆောင်းပါးက မရည်ရွယ်ပါ။ နောက်ဆုံးတွင် အကျိုးဆက်များ တွေ့ ကြုံခံစားမည့်သူမှာ သင်သာလျှင်ဖြစ်၏၊ ထို့ကြောင့် ဆုံးဖြတ်ချက် ချရမည့်သူမှာ သင်သာလျှင် ဖြစ်သည်။—ဂလာတိ ၆:၅

သို့သော် သမ္မာကျမ်းစာဤသို့ဖော်ပြသည်– “ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” (သု. ၁၄:၁၅) ထို့ကြောင့် ကွာရှင်းဖို့ ကျမ်းစာအကြောင်းပြချက်များ ရှိလျှင်ပင် ယင်းသို့ကွာရှင်းလိုက်ခြင်းကြောင့် အဘယ်အကျိုးဆက်များ ရှိလာမည်ကို လေးလေးနက်နက် စဉ်းစားဖို့ လိုသည်။ (၁ ကောရိန္သု ၆:၁၂) ဗြိတိန်နိုင်ငံရှိ ဒေးဗစ် ဤသို့ပြောပြသည်– “အလျင်အမြန် ဆုံးဖြတ်ချက် ချရမယ်လို့ အချို့ ယူဆကောင်းယူဆမယ်၊ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ရဲ့ ကွာရှင်းမှုအတွေ့အကြုံကနေ ပြောနိုင်တာက ကွာရှင်းဖို့ အကြောင်းဖန်လာပြီဆိုရင် အချိန်ပေးပြီး ကောင်းကောင်းစဉ်းစားဖို့ လိုအပ်တယ်။’’ *

သင်စဉ်းစားဖို့လိုသည့် အရေးကြီးသောအချက်လေးခုကို သုံးသပ်ကြည့်ကြစို့။ ထိုသို့သုံးသပ်နေစဉ် ဖော်ပြပါကွာရှင်းခဲ့သူမည်သူကမျှ မိမိတို့၏ဆုံးဖြတ်ချက် မှားသွားသည်ဟု မပြောကြောင်း မှတ်သားပါလေ။ သို့သော် သူတို့ပြောစကားများက အိမ်ထောင်ရေး အဆုံးသတ်ပြီးနောက် လအတော်ကြာတွင်နှင့် နှစ်များအကြာတွင်ပင် ဖြစ်ပေါ်လေ့ရှိသည့်အခက်အခဲအချို့ကို အလေးပေးဖော်ပြ၏။

၁ ငွေကြေးအခက်အခဲ

အီတလီနိုင်ငံရှိ ဒဲန်ယဲလ်လာသည် မိမိခင်ပွန်းက လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် အချစ်ဇာတ်ခင်းနေကြောင်း သိရှိချိန်တွင် သူ၏အိမ်ထောင်သက် ၁၂ နှစ်ရှိနေပြီ ဖြစ်သည်။ ဒဲန်ယဲလ်လာ ဤသို့ပြောသည်– “အဲဒီအကြောင်း ကျွန်မသိတဲ့အချိန်မှာ အမျိုးသမီးက ကိုယ်ဝန်ခြောက်လ ရှိနေပြီ။’’

အချိန်အတော်ကြာ ခွဲနေပြီးနောက် ကွာရှင်းဖို့ ဒဲန်ယဲလ်လာ ဆုံးဖြတ်လိုက်သည်။ သူဤသို့ပြောသည်– “ကျွန်မရဲ့အိမ်ထောင်မကွဲအောင် ကြိုးစားပါသေးတယ်၊ ဒါပေမဲ့ ကျွန်မခင်ပွန်းက ဆက်ပြီးသစ္စာမဲ့နေတယ်။” ဒဲန်ယဲလ်လာ သည် မိမိရွေးချယ်မှုမှန်သည်ဟု ခံစားသည်။ သို့တိုင် သူဤသို့ပြောသည်– “ကျွန်မတို့ ခွဲလျှင်ခွဲချင်းပဲ ကျွန်မရဲ့စီးပွားရေးအခြေအနေ ခက်ခဲကျပ်တည်းတော့တာပဲ။ တစ်ခါတလေ ညနေစာတောင် မစားဖြစ်ခဲ့ဘူး။ နွားနို့တစ်ခွက်ပဲ သောက်ရတယ်။’’

စပိန်နိုင်ငံရှိ မာရီးယားသည် အလားတူ အခက်အခဲကို ရင်ဆိုင်ခဲ့သည်။ “ကျွန်မရဲ့ခင်ပွန်းဟောင်းက ငွေကြေးအထောက်အပံ့ လုံးဝမပေးတဲ့အပြင် သူတင်ထားတဲ့အကြွေးတွေ ပြန်ဆပ်ဖို့ ကျွန်မ အလုပ်ကို ကြိုးစားလုပ်ရတယ်။ သက်သောင့်သက်သာရှိတဲ့အိမ်ကနေ မလုံခြုံတဲ့ရပ်ကွက်မှာရှိတဲ့ တိုက်ခန်းအိမ်ရာငယ်လေးမှာ ပြောင်းရွှေ့နေထိုင်ရတယ်။”

ယင်းတွေ့ ကြုံမှုများဖော်ပြသည့်အတိုင်း အိမ်ထောင်ရေးကွာရှင်းခြင်းက အမျိုးသမီးများအပေါ် ငွေကြေးအခက်အခဲများစွာ ဖြစ်စေလေ့ရှိသည်။ အမှန်တွင် ကွာရှင်းပြီးနောက် အမျိုးသားများ၏ဝင်ငွေမှာ ၁၁ ရာခိုင်နှုန်း တိုးလာနေသော်လည်း အမျိုးသမီးများ၏ဝင်ငွေမှာ ၁၇ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ဥရောပတွင် ခုနစ်နှစ်ကြာ ပြုလုပ်သောလေ့လာမှုတစ်ခုက ဖော်ပြသည်။ ယင်းလေ့လာမှုကို ဦးဆောင်သူ မဲက်ကယ် ဂျယ်န်စဲန်က ဤသို့ပြောသည်– “အချို့အမျိုးသမီးတွေအတွက် ခက်ခဲတယ်၊ အကြောင်းကတော့ ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရတယ်၊ အလုပ်ရှာရတဲ့အပြင် ကွာရှင်းခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက် ခံစားရတဲ့အတွက် ဖြစ်တယ်။” အချို့ရှေ့နေများအဆိုအရ ယင်းအကြောင်းရင်းများက “လူတို့အား မကွဲမီ အသေအချာ စဉ်းစားစေသည်” ဟုလန်ဒန်ထုတ် သတင်းစာတစ်စောင် (Daily Telegraph) ကဖော်ပြခဲ့သည်။

ဖြစ်နိုင်ခြေ- သင်သည် ကွာရှင်းပါက သင့်ဝင်ငွေ လျော့နည်းကောင်းလျော့နည်းလာနိုင်သည်။ ပြောင်းရွှေ့နေထိုင်ဖို့လည်း လိုကောင်းလိုပေမည်။ သင်သည် ကလေးများကို အုပ်ထိန်းခွင့် ရထားသည်ဆိုလျှင် သင့်ကိုယ်သင်ထောက်ပံ့ရန်နှင့် ကလေးများ၏လိုအပ်ရာများကို ကောင်းစွာဂရုစိုက်ရန် ခက်ခဲပေမည်။—၁ တိမောသေ ၅:၈

၂ မိဘအုပ်ထိန်းမှုကိစ္စများ

ဗြိတိန်နိုင်ငံတွင် ဂျန်အမည်ရှိအမျိုးသမီးတစ်ဦးက- “ကျွန်မခင်ပွန်းရဲ့သစ္စာမဲ့မှုက တုန်လှုပ်ချောက်ချားစရာပဲ။ ပြီးတော့ ကျွန်မတို့ကို သူတကယ်ပစ်ထားလိုက်တာကို တွေးရင် ကျွန်မ စိတ်ထိခိုက်တယ်။” ဂျန်သည် သူ့ခင်ပွန်းကို ကွာရှင်းခဲ့သည်။ သူ့ဆုံးဖြတ်ချက်မှန်သည်ဟု ယုံကြည်နေဆဲဖြစ်ငြား သူဤသို့ဝန်ခံသည်– “ကလေးတွေအတွက် မိခင်နဲ့ဖခင်တာဝန်ယူပေးရတာဟာ ကျွန်မရင်ဆိုင်ခဲ့တဲ့ အခက်အခဲတစ်ခုပဲ။ ဆုံးဖြတ်ချက်အားလုံး ကျွန်မပဲ ချရတယ်။’’

စပိန်နိုင်ငံရှိ အိမ်ထောင်ကွာရှင်းထားသူ ဂရေဆဲလာလည်း အလားတူအခြေအနေကို ရင်ဆိုင်ခဲ့သည်။ သူဤသို့ပြောသည်– “၁၆ နှစ်အရွယ် ကျွန်မရဲ့သားလေးကို လုံးလုံးလျားလျား အုပ်ထိန်းဖို့ ကျွန်မ တာဝန်ရခဲ့တယ်။ ဒါပေမဲ့ မြီးကောင်ပေါက်တွေဟာ ထိန်းသိမ်းရခက်တဲ့အရွယ်ဖြစ်နေတော့ ကျွန်မတစ်ယောက်တည်း ကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့ဘူး။ နေ့ရောညရော ကျွန်မ တရှိုက်ရှိုက်ငိုရတယ်။ မိခင်တစ်ဦးအနေနဲ့ ပျက်ကွက်တယ်လို့ ခံစားရတယ်။’’

အတူတူအုပ်ထိန်းခွင့်ရသူတို့သည် သွားလာကြည့်ရှုခြင်းအစီအစဉ်၊ ကလေးထောက်ပံ့ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကဲ့သို့သော သိမ်မွေ့သည့်ကိစ္စများကို ခင်ပွန်းဟောင်းနှင့်ညှိနှိုင်းရသည့် နောက်ထပ်ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရပေမည်။ အမေရိကန်ပြည်ထောင်စုရှိ အိမ်ထောင်ကွာရှင်းထားသောမိခင်ဖြစ်သူ ခရစ္စတင်း ဤသို့ပြောပြသည်– “အိမ်ထောင်ဖက်ဟောင်းနဲ့ဆက်နွှယ်တဲ့အလုပ်တစ်ခု လုပ်ရတာ မလွယ်ဘူး။ စိတ်ပိုင်းဆိုင်ရာတွေ အများကြီး ပါဝင်ပတ်သက်တယ်၊ ဂရုမစိုက်ဘူးဆိုရင် အဲဒီလိုအစီအစဉ်တွေကနေ ကိုယ်လိုချင်တာရဖို့ ကလေးကို လက်ကိုင်တုတ်အဖြစ် အသုံးပြုမိနိုင်တယ်။’’

ဖြစ်နိုင်ခြေ- တရားရုံးက ချမှတ်လိုက်သော အုပ်ထိန်းခွင့်အစီအစဉ်များကို သင်မနှစ်သက်ဘဲ ဖြစ်ပေမည်။ အတူတူ အုပ်ထိန်းခွင့်ရထားသည်ဆိုပါက သင့်အိမ်ထောင်ဖက်ဟောင်းသည် သွားလာကြည့်ရှုခြင်း၊ ငွေကြေးထောက်ပံ့ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကဲ့သို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ သင်ဖြစ်စေလိုသည့်အတိုင်း အကျိုးသင့်အကြောင်းသင့်မရှိဘဲ ဖြစ်ပေမည်။

၃ ကွာရှင်းခြင်းကြောင့် သင့်အပေါ်သက်ရောက်မှု

ဗြိတိန်နိုင်ငံမှ မာတ်သည် ဇနီး၏သစ္စာဖောက်မှုကို တစ်ကြိမ်ထက်မက ခံခဲ့ရသည်။ သူဤသို့ပြောသည်– “ဒုတိယအကြိမ်မှာတော့ ထပ်ဖြစ်လာနိုင်ခြေရှိသေးတယ်ဆိုတဲ့အတွေးကို ကျွန်တော် မရင်ဆိုင်နိုင်တော့ဘူး။” မာတ်သည် သူ့ဇနီးကို ကွာရှင်းလိုက်သည်၊ သို့သော် သူ့ကို ချစ်နေဆဲဖြစ်၏။ “လူတွေက ကျွန်တော့်ဇနီးအကြောင်း မကောင်းပြောကြတဲ့အခါမှာ သူတို့က ကျွန်တော့်ကို ကူညီပေးနေကြတယ်လို့ ထင်ကြတယ်၊ ဒါပေမဲ့ ကူညီပေးနေတာ မဟုတ်ဘူး။ သူ့ကို ချစ်နေတဲ့စိတ်က တော်တော်နဲ့ မပျောက်သွားဘူး။’’

အထက်တွင် ဖော်ပြခဲ့သောဒေးဗစ်သည် သူ့ဇနီးက အခြားတစ်ယောက်နှင့်ပတ်သက်နေကြောင်း သိရှိချိန်တွင် ထပ်တူစိတ်ထိခိုက်ခဲ့ရသည်။ သူဤသို့ပြောသည်– “လုံးဝ မယုံနိုင်အောင်ပါပဲ။ နေ့တိုင်းပဲ ကျွန်တော့်ဇနီးနဲ့ ကလေးတွေနဲ့အတူ ကျွန်တော် တကယ်နေချင်တယ်။” ဒေးဗစ်သည် ကွာရှင်းဖို့ ရွေးချယ်လိုက်သည်၊ သို့သော် ယင်းသို့လမ်းခွဲရခြင်းကြောင့် သူ့အနာဂတ်နှင့်ပတ်သက်၍ သံသယစိတ်များ ဖြစ်ပေါ်ခဲ့သည်။ သူဤသို့ပြောသည်– “ငါ့ကို တစ်ယောက်ယောက်က တကယ်ပဲချစ်နိုင်ပါဦးမလား ဒါမှမဟုတ် ငါပြန်လက်ထပ်ရင် ဒီလိုမျိုး နောက်ထပ်ဖြစ်လေဦးမလားဆိုပြီး စဉ်းစားနေတော့တယ်။ ကျွန်တော့်မှာ ယုံကြည်စိတ်ချမှု မရှိတော့ဘူး။’’

သင်သည် အိမ်ထောင်ကွာရှင်းထားသူဖြစ်ပါက စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက်များစွာ ခံစားရမည်သာဖြစ်သည်ဟု မျှော်လင့်နိုင်ပါသည်။ တစ်ချက်အနေနှင့် သင်နှင့် တစ်သားတစ်ကိုယ်တည်း ဖြစ်ခဲ့ဖူးသူ ဤပုဂ္ဂိုလ်ကို သင်ချစ်နေဆဲ ဖြစ်ပေမည်။ (ကမ္ဘာဦး ၂:၂၄) အခြားတစ်ဖက်တွင်မူ ဖြစ်ပျက်ခဲ့ရာများနှင့်ပတ်သက်ပြီး သင်နောင်တရကောင်းရပေမည်။ အထက်တွင်ဖော်ပြခဲ့သော ဂရေဆဲလာ ဤသို့ပြောသည်– “နှစ်တော်တော်ကြာပြီးတဲ့နောက်မှာတောင်မှ စိတ်ရှုပ်ထွေး၊ အရှက်ခွဲခံရ၊ ခိုကိုးရာမဲ့ဖြစ်နေတယ်လို့ ခံစားရတယ်။ အတူနေခဲ့တုန်းက ပျော်ရွှင်စရာအချိန်လေးတွေ စိတ်ထဲ ပြန်ပေါ်လာတယ်၊ ပြီးတော့ ဒီလိုစဉ်းစားမိတယ်- ‘မင်းမရှိရင် ကိုယ်မနေတတ်ဘူးဆိုပြီး သူ ကျွန်မကို အမြဲပြောလေ့ရှိခဲ့တယ်။ သူ အမြဲပဲ လိမ်နေတာများလား။ ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလဲ။’”

ဖြစ်နိုင်ခြေ- သင့်အား သင့်အိမ်ထောင်ဖက် နှိပ်စက်ခဲ့ပုံများနှင့်ပတ်သက်၍ ဒေါသစိတ်၊ နာကြည်းစိတ်များ စွဲကျန်ခဲ့ပေမည်။ (သု. ၁၄:၂၉) တစ်ခါတစ်ရံ အလွန်အကျွံ အထီးကျန်နေပေလိမ့်မည်။—သု. ၁၈:၁

၄ ကွာရှင်းခြင်းကြောင့် ကလေးများအပေါ်သက်ရောက်မှု

စပိန်နိုင်ငံရှိ အိမ်ထောင်ကွာရှင်းထားသောဖခင် ဟိုစေး ဤသို့ပြောပြသည်– “စိတ်ထိခိုက်စရာပါပဲ။ ဘယ်သူနဲ့ ပြစ်မှားသလဲဆိုတော့ ကျွန်တော့်ညီမရဲ့ယောက်ျား ဖြစ်နေတယ်ဆိုတာ သိလိုက်တဲ့အချိန်ဟာ စိတ်အထိခိုက်ဆုံးအချိန်ပဲ။ ကျွန်တော် သေချင်တော့တာပဲ။” ဟိုစေး၏ကလေးနှစ်ယောက်—နှစ်နှစ်နှင့် လေးနှစ်—သည် သူတို့အမေ၏လမ်းစဉ်ကြောင့် စိတ်ထိခိုက်ခဲ့ကြကြောင်း ဟိုစေး သိသည်။ သူဤသို့ပြောသည်– “အခြေအနေကို သူတို့နားမလည်နိုင်၊ လက်မခံနိုင်ဖြစ်နေတယ်။ သူတို့အမေဟာ သူတို့ဦးလေးနဲ့ ဘာကြောင့် အတူနေပြီး သူတို့ကို ကျွန်တော့်ညီမနဲ့ အမေတို့နဲ့နေဖို့ ဘာကြောင့် ကျွန်တော်ခေါ်သွားရတယ်ဆိုတာတွေကို သူတို့နားမလည်နိုင်ခဲ့ကြဘူး။ ကျွန်တော် တစ်နေရာရာကို သွားတော့မယ်ဆိုရင် သူတို့ ဒီလိုမေးလေ့ရှိတယ်- ‘ဘယ်တော့ ပြန်လာမလဲ၊’ ဒါမှမဟုတ် သူတို့ ဒီလိုပြောလေ့ရှိတယ်- ‘ဒက်ဒီ၊ သားတို့ကို မထားခဲ့နဲ့နော်။’”

သားသမီးများသည် ကွာရှင်းမှု စစ်မြေပြင်တွင် မေ့လျော့ခံရသောထိခိုက်ဒဏ်ရာရသူများ ဖြစ်လေ့ရှိသည်။ သို့သော် မိဘနှစ်ဦးသည် လုံး၀အစေးမကပ်လျှင်ကော အသို့နည်း။ ယင်းအခြေအနေတွင် ကွာရှင်းခြင်းသည် တကယ်ပင် “ကလေးများအတွက် ပိုကောင်း” သလော။ မကြာသေးမီနှစ်များတွင် ယင်းယူဆချက်သည် ထိုးနှက်ခံခဲ့ရသည်၊ အထူးသဖြင့် အိမ်ထောင်ရေးပြဿနာ ကြီးကြီးမားမား မဟုတ်သည့်အချိန်တွင်ဖြစ်သည်။ စာအုပ်တစ်အုပ် (The Unexpected Legacy of Divorce) ကသို့ဖော်ပြသည်– “အလွန်ပင် မသာယာသောအိမ်ထောင်များတွင် ကျော့မိနေသောလူကြီးများစွာသည် သူတို့၏ကလေးများ အတော်အသင့် တင်းတိမ်နေကြသည်ကို သိရှိကြသောအခါ အံ့သြကြလိမ့်မည်။ မိသားစု အတူတကွရှိနေရွေ့ကာလပတ်လုံး အဖေနှင့်အမေ မတည့်လျှင်လည်း သူတို့ ဂရုမစိုက်ပါ။”

ကလေးများသည် အဖေနှင့်အမေ အငြင်းအခုံ ဖြစ်နေသည်ကို သတိပြုတတ်ကြပြီး အိမ်ထောင်ရေးတင်းမာမှုက သူတို့၏စိတ်နှလုံးကို ထိခိုက်နိုင်သည်ကိုမူ ဝန်ခံရပေမည်။ သို့သော် ကွာရှင်းလိုက်ခြင်းက အလိုအလျောက် ကလေးများ၏အကောင်းဆုံးအကျိုးကို ဖြစ်စေမည်ဟု ယူမှတ်ခြင်းသည် မှားသွားနိုင်သည်။ “အိမ်ထောင်ရေးသည် အကောင်းဆုံးပုံစံမဖြစ်သည့်တိုင်အောင် အိမ်ထောင်ပေါင်းစည်းထားခြင်းက ကလေးများလိုအပ်သည့် တစ်သမတ်တည်းဖြစ်သော၊ အတော်အသင့်ဖြစ်သော ဆုံးမပဲ့ပြင်မှုပေးနိုင်ရန် မိဘများကို အကူအညီ ဖြစ်စေသည်” ဟု ဂျေ ဝိုက်နှင့် မက်ဂီဂလ်လာဂျာတို့ရေးသော (The Case for Marriage) စာအုပ်တွင် ဖော်ပြထားသည်။

ဖြစ်နိုင်ခြေ– ကွာရှင်းခြင်းက သင့်ကလေးများအပေါ် များစွာစိတ်ထိခိုက်မှုရှိနိုင်သည်၊ အထူးသဖြင့် သင့်အိမ်ထောင်ဖက်ဟောင်းနှင့် ဆက်ဆံရေးကောင်းရှိအောင် သူတို့ကို အားမပေးဘူးဆိုလျှင် ယင်းသို့ဖြစ်နိုင်သည်။— “ချောင်ပိတ်ခံရ” လေးထောင့်ကွက်ကို ကြည့်ပါ။

ကွာရှင်းခြင်းအကြောင်း သင်စဉ်းစားနေပါက သင်သုံးသပ်သင့်သော အကြောင်းအရာလေးခုကို ဤဆောင်းပါးတွင် ဆွေးနွေးထားပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သင့်အိမ်ထောင်ဖက်သည် သစ္စာမဲ့ပါက ဆုံးဖြတ်ချက်ချမည့်သူမှာ သင်သာဖြစ်သည်။ သို့သော် သင်မည်သို့ပင်ဆုံးဖြတ်ချက်ချပါစေ ဖြစ်လာမည့်အကျိုးဆက်များကို သိထားပါ။ အဘယ်အခက်အခဲများ ရင်ဆိုင်ရမည်ကို သိပါ၊ ယင်းတို့ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပြင်ဆင်ထားပါ။

ကိစ္စရပ်ကို စဉ်းစားသုံးသပ်ပြီးနောက် ပို၍ကောင်းသောရွေးချယ်မှုမှာ သင့်အိမ်ထောင်ကိုတိုးတက်စေဖို့ ပြုလုပ်ရန်ဖြစ်သည်ဟု သင်ခံစားမိပေမည်။ သို့သော် ယင်းသည် တကယ်ဖြစ်နိုင်ပါသလော။

^ အပိုဒ်၊ 8 ဤဆောင်းပါးတွင် အမည်များကို ပြောင်းထားသည်။