မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | သားသမီးတွေကို ဆုံးမသွန်သင်မှု လျော့နည်းသွားပြီလား

ထိရောက်မှုရှိတဲ့ ဆုံးမသွန်သင်ခြင်း

ထိရောက်မှုရှိတဲ့ ဆုံးမသွန်သင်ခြင်း

သားသမီးတွေကို ပြုစုပျိုးထောင်ရတာက မလွယ်ဘူး။ ကလေးတွေကို မဆုံးမဘဲ ဒီတိုင်းလွှတ်ထားမယ်ဆိုရင် ပိုလို့တောင်ခက်သေးတယ်။ အကြောင်းကတော့ မဆုံးမဘဲထားတယ်ဆိုရင် (၁) သားသမီးတွေကို ထိန်းလို့မရတော့တာကြောင့် မိဘတွေကို ပင်ပန်းစေမယ်၊ (၂) မိဘတွေရဲ့ တစ်သမတ်တည်းမဖြစ်တဲ့ လမ်းညွှန်ချက်တွေကြောင့် ကလေးတွေလည်း စိတ်ရှုပ်သွားမှာဖြစ်တယ်။

ဒါပေမဲ့ မေတ္တာပါပါ၊ မျှမျှတတ ဆုံးမသွန်သင်ပေးမယ်ဆိုရင် ကလေးရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ ကိုယ်ကျင့်တရားကို ပုံသွင်းပေးနိုင်မှာဖြစ်တယ်။ ပြီးတော့ ကလေးတွေ ကြီးပြင်းလာချိန်တစ်လျှောက်လုံးမှာလည်း လုံခြုံတယ်လို့ ခံစားရမှာဖြစ်တယ်။ ကိုယ့်ရဲ့ကလေးကို ဆုံးမသွန်သင်ပေးဖို့ ယုံကြည်စိတ်ချနိုင်တဲ့လမ်းညွှန်ချက်ကို ဘယ်က ရနိုင်မလဲ။

ကျမ်းစာလမ်းညွှန်ချက်တွေရဲ့ အကျိုးကျေးဇူး

ဒီမဂ္ဂဇင်းကို ထုတ်ဝေသူ ယေဟောဝါသက်သေတွေဟာ ကျမ်းစာက “သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန် ဆုံးမခြင်းတို့တွင် အကျိုးရှိ” စေတယ်လို့ ယုံကြည်လက်ခံထားကြတယ်။ (၂ တိမောသေ ၃:၁၆) ကျမ်းစာဟာ မိဘအုပ်ထိန်းမှုအတွက် လက်စွဲစာအုပ်တော့မဟုတ်ပေမဲ့ မိသားစုတွေအတွက် လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေပါတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

ကျမ်းစာမှာ ပြောတယ်– ‘မိုက်မဲမှုက ကလေးရဲ့စိတ်နှလုံးထဲမှာ နှောင်ဖွဲ့နေတယ်။’—သုတ္တံ ၂၂:၁၅ကဘ။

ကလေးတွေရဲ့ ကြင်နာတဲ့အပြုအမူနဲ့ လုပ်ရပ်တွေက ချစ်စရာကောင်းပေမဲ့ မိုက်မဲတာတွေကိုလည်း သူတို့လုပ်တတ်ကြတယ်။ ဒါကြောင့် ကလေးတွေကို ဆုံးမသွန်သင်ပေးဖို့လိုတယ်။ (သုတ္တံ ၁၃:၂၄) အဲဒီအချက်ကို စိတ်စွဲမှတ်ထားမယ်ဆိုရင် မိဘတာဝန်ကိုကျေပွန်အောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်။

ကျမ်းစာမှာ ပြောတယ်– “သူငယ်ကို မဆုံးမဘဲမနေနှင့်။”—သုတ္တံ ၂၃:၁၃

မျှတတဲ့ ဆုံးမသွန်သင်မှုကြောင့် ကလေးစိတ်ထိခိုက်သွားမှာ၊ တစ်သက်လုံး စိတ်နာသွားမှာကို ပူစရာမလိုပါဘူး။ မေတ္တာနဲ့ ဆုံးမသွန်သင်ပေးမယ်ဆိုရင် သွန်သင်ပေးချက်တွေကို နှိမ့်ချစွာ လက်ခံတတ်အောင် ကလေးတွေကို သင်ပေးရာရောက်တယ်၊ အဲဒီအရည်အသွေးက ကလေးတွေအသက်ကြီးလာတဲ့အထိ အသုံးဝင်တယ်။—ဟေဗြဲ ၁၂:၁၁

ကျမ်းစာမှာ ပြောတယ်– “လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။”—ဂလာတိ ၆:၇

မိဘတွေက ကလေးတွေကို ကာကွယ်ပေးလိုကြတာ သဘာဝပါပဲ။ ဒါပေမဲ့ သင့်တင့်မျှတမှုရှိဖို့တော့လိုတယ်။ ဆရာ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ကိုယ့်ကလေးရဲ့ အကျင့်ဆိုးတစ်ခုအကြောင်းကို ပြောပြလာတဲ့အခါ ကာကွယ်ပေးတာ၊ ကလေးရဲ့အမှားကြောင့် အပြစ်ပေးမခံရအောင် “ကယ်တင်ပေး” ဖို့ ကြိုးစားတာက သူတို့ကို ချစ်ရာမရောက်ဘူး။ ဒါကြောင့် အဲဒီလူတွေကို ကိုယ့်ရဲ့ဘက်တော်သားတွေအဖြစ် ရှုမြင်ပါ။ အဲဒီလို လုပ်မယ်ဆိုရင် ကလေးကို ကိုယ်အပါအဝင် အခွင့်အာဏာရှိတဲ့ တခြားသူတွေကို လေးစားတတ်အောင် သင်ပေးရာရောက်တယ်။—ကောလောသဲ ၃:၂၀

ကျမ်းစာမှာ ပြောတယ်– ‘မဆုံးမဘဲလွှတ်ထားတဲ့ ကလေးကတော့ မိခင်ကိုအရှက်ခွဲလိမ့်မယ်။’ —သုတ္တံ ၂၉:၁၅ကဘ။

မေတ္တာပြပါ၊ တစ်သမတ်တည်းဖြစ်ပါ၊ သင့်တင့်မျှတပါ

မိဘတွေက တစ်ချိန်လုံး ဆူပူကြိမ်းမောင်းနေတာမျိုး မလုပ်သင့်သလို မဆုံးမဘဲ လွှတ်ထားတဲ့အထိလည်း အစွန်းမရောက်သင့်ဘူး။ “အလိုလိုက်လွန်းခံရတဲ့ ကလေးတွေဟာ လူကြီးမိဘတွေမှာ အခွင့်အာဏာရှိတယ်ဆိုတာကို သိမြင်နိုင်မှာမဟုတ်ဘူး” လို့ စာအုပ်တစ်အုပ် (The Price of Privilege) မှာ ပြောထားတယ်။ ကိုယ့်ရဲ့အခွင့်အာဏာကို မသုံးဘူးဆိုရင် ကိုယ့်ရဲ့ကလေးဟာ သူ့မှာ အခွင့်အာဏာရှိတယ်လို့ထင်သွားနိုင်တယ်။ အဲဒါဆိုရင် မိဘနဲ့ သူကိုယ်တိုင်ကို စိတ်ဆင်းရဲစေမယ့် အမှားတွေကို သူလုပ်လိမ့်မယ်။—သုတ္တံ ၁၇:၂၅; ၂၉:၂၁

ကျမ်းစာမှာ ပြောတယ်– “ယောက်ျားသည် . . . မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။”—မဿဲ ၁၉:၅

ကျမ်းစာပြောပြထားချက်အရ ခင်ပွန်းသည်နဲ့ ဇနီးသည်ဟာ တရားဝင်လက်ထပ်တယ်၊ နောက်ပြီး ကလေးတွေရလာတယ်၊ သူတို့တွေကြီးပြင်းလာပြီး အိမ်ကို စွန့်ခွာသွားအထိ အတူပေါင်းသင်းနေထိုင်သင့်တယ်။ (မဿဲ ၁၉:၅၊ ၆) အဲဒါကြောင့် အိမ်ထောင်ဖက်ကပထမနေရာ၊ သားသမီးတွေက ဒုတိယနေရာမှာ ဖြစ်ရမယ်။ တကယ်လို့ ဦးစားပေးတာ ပြောင်းပြန်ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ကလေးက “ကိုယ်ကိုထင်သင့်သည်ထက်လွန်၍” ထင်သွားမှာဖြစ်တယ်။ (ရောမ ၁၂:၃) ကလေးကို ဦးစားပေးတဲ့ မိသားစုဟာ အိမ်ထောင်ရေး အဆင်ပြေနိုင်မှာမဟုတ်ဘူး။

မိဘတွေအတွက် အကူအညီ

မိဘတာဝန်ကျေဖို့ဆိုရင် ဒီလမ်းညွှန်ချက်တွေအတိုင်း ကျင့်သုံးပြီး ဆုံးမသွန်သင်ပေးဖို့လိုတယ်။

မေတ္တာပြပါ။ “သားသမီးများ ဒေါသထွက်ရန် မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် စိတ်ပျက်အားငယ်ကြလိမ့်မည်။”—ကောလောသဲ ၃:၂၁

တစ်သမတ်တည်းဖြစ်ပါ။ “သင်တို့၏စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြလော့။” —မဿဲ ၅:၃၇

သင့်တင့်မျှတပါ။ “အတော်အတန်ဆုံးမမည်။” —ယေရမိ ၃၀:၁၁ *