မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှု၏ သော့ချက်များ

ငွေကြေးကို စီမံသုံးစွဲခြင်း

ငွေကြေးကို စီမံသုံးစွဲခြင်း

ခင်ပွန်း– “ကျွန်တော့်ဇနီး လော်ရာ *က မလိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပြီး ပိုက်ဆံဖြုန်းနေတယ်လို့ ကျွန်တော် ထင်တယ်။ သူက ပိုက်ဆံ လုံးဝမစုဆောင်းတတ်ဘူး။ ဒါကြောင့် အသုံးစရိတ် သိပ်များသွားတဲ့အခါ ကျွန်တော်တို့ ပြဿနာတက်တော့တာပဲ။ အိတ်ထဲပိုက်ဆံရှိတာနဲ့ ချက်ချင်းသုံးပစ် လိုက်တာပဲလို့ ကျွန်တော့်ဇနီးကို ကျွန်တော် ခဏခဏ ပြောဖူးတယ်။”

ဇနီး– “ကျွန်မက ပိုက်ဆံ ကောင်းကောင်းမစုတတ်ဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အစားအစာ၊ ပရိဘောဂနဲ့ အိမ်သုံးစရိတ်တွေ ဘယ်လောက်ကြီးတယ်ဆိုတာ ကျွန်မယောက်ျား မသိဘူး။ အိမ်မှာအမြဲရှိနေတတ်တဲ့ ကျွန်မပဲ သိတာ။ ဒါ့အပြင် အိမ်မှာ ဘာတွေလိုနေတယ်ဆိုတာလည်း ကျွန်မပဲ သိတာလေ။ ဒါကြောင့် ပိုက်ဆံကိစ္စနဲ့ ‘စကားများရအုံးမယ်’ ဆိုတာ ကြိုသိနေပေမဲ့ လိုတဲ့ပစ္စည်းတွေ့ရင်တော့ ဝယ်လိုက်တာပဲ။”

ငွေသည် ဇနီးမောင်နှံနှစ်ဦး အေးအေးဆေးဆေး ပြောဆိုဆွေးနွေးရန် အခက်ခဲဆုံး အကြောင်းအရာများအနက် တစ်ခု ဖြစ်နိုင်သည်။ ထို့ကြောင့် ငွေသည် အိမ်ထောင်ရေးပဋိပက္ခ၏ အဓိကတရားခံ ဖြစ်လေ့ရှိသည်မှာ အံ့ဩစရာ မဟုတ်ပါ။

ငွေနှင့်ပတ်သက်၍ မျှတသောအမြင်မရှိသည့် မောင်နှံများသည် စိတ်ဖိစီးမှု၊ အငြင်းပွားမှု၊ စိတ်ပိုင်းနှင့် ဝိညာဉ်ရေးပိုင်းတွင်ပင် ထိခိုက်နစ်နာမှုများ မကြာခဏ ကြုံတွေ့ရနိုင်သည်။ (၁ တိမောသေ ၆:၉၊ ၁၀) သုံးစွဲမည့်ငွေပမာဏကို ပညာရှိစွာ မစီမံနိုင်သော မိဘများသည် အလုပ်ပိုလုပ်ရဖို့ အကြောင်းများသည်။ ယင်းက စိတ်ပိုင်းနှင့် ဝိညာဉ်ရေးပိုင်းတွင် သားသမီးများကို ထောက်မပေးရန်နှင့် ဇနီးမောင်နှံနှစ်ဦး အပြန်အလှန် ထောက်မပေးရန် ပျက်ကွက်စေနိုင်သည်။ ထို့ပြင် ငွေကို မဆင်မခြင်သုံးစွဲရန် သားသမီးများအား သင်ပေးနေရာရောက်သည်။

“ငွေသည် . . . ကွယ်ကာတတ်၏” ဟု ကျမ်းစာက ဆိုသည်။ (ဒေ. ၇:၁၂) သို့သော် ငွေကို မည်သို့ ကိုင်တွယ်သုံးစွဲရမည်၊ ယင်းနှင့်ပတ်သက်၍ သင့်အိမ်ထောင်ဖက်အား မည်သို့ ပြောဆိုရမည်ကို သင်သိထားမှသာ ငွေသည် သင့်အိမ်ထောင်နှင့် မိသားစုအတွက် အကာအကွယ် ဖြစ်လာမည်။ * အမှန်မှာ ငွေကြေးကိစ္စ ပြောဆိုဆွေးနွေးခြင်းသည် အငြင်းအခုံ ဖြစ်စေမည့်အစား အိမ်ထောင်ဖက်နှစ်ဦး၏ နှောင်ကြိုးကို ပို၍ခိုင်မြဲစေနိုင်ပါသည်။

သို့သော် ငွေသည် အိမ်ထောင်တွင် အဘယ်ကြောင့် ပြဿနာများစွာ ပေါ်ပေါက်စေသနည်း။ ငွေနှင့်ပတ်သက်၍ ဆွေးနွေးသောအခါ အငြင်းအခုံ ဖြစ်မည့်အစား ပြဿနာများကို ပြေလည်စေမည့်နည်းဖြင့် ဆွေးနွေးနိုင်ရန် သင် အဘယ်အရာ ပြုလုပ်နိုင်သနည်း။

စိန်ခေါ်ချက်များကား အဘယ်နည်း

ငွေကြေးနှင့်ပတ်သက်၍ အငြင်းအခုံ ဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ ငွေကြေးကိုယ်နှိုက်ကြောင့် မဟုတ်ဘဲ ယုံကြည်မှုမရှိခြင်း သို့မဟုတ် စိုးရိမ်ခြင်းတို့ကြောင့် ဖြစ်နေတတ်သည်။ ဥပမာ၊ လင်ယောက်ျားတစ်ဦးသည် ဇနီးဖြစ်သူ ငွေ မည်မျှ သုံးစွဲလိုက်သည်ကို အသေးအဖွဲကအစ မိမိအား ပြောပြရမည်ဟု တောင်းဆိုပေမည်၊ ယင်းက မိသားစု၏ ငွေကြေးကို ဇနီးဖြစ်သူ ကောင်းစွာ စီမံသုံးစွဲနိုင်သည်ကို ယုံကြည်စိတ်ချမှု မရှိကြောင်း သူ ဖော်ပြနေခြင်း ဖြစ်သည်။ ဇနီးတစ်ဦးက မိမိ၏ခင်ပွန်းဖြစ်သူသည် ငွေကို ကောင်းစွာ မစုဆောင်းဟုဆိုကာ ညည်းညူနေမည်ဆိုလျှင် အနာဂတ်တွင် ငွေရေးကြေးရေးပြဿနာ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

ဇနီးမောင်နှံများကို ငွေနှင့်ပတ်သက်၍ အငြင်းပွားစေသည့် နောက်အကြောင်းရင်းတစ်ခုမှာ ဘဝနောက်ခံချင်း မတူသောကြောင့် ဖြစ်သည်။ အိမ်ထောင်သက် ရှစ်နှစ်ရှိပြီဖြစ်သော မက်သယူး ဤသို့ဆိုသည်– “ကျွန်တော့်ဇနီးက ငွေကို ကောင်းကောင်းစီမံသုံးစွဲတတ်တဲ့ မိသားစုမှာ ကြီးပြင်းခဲ့လို့ ကျွန်တော့်လို ငွေအတွက် တွေးပူမနေတတ်ဘူး။ ကျွန်တော့်အဖေကျတော့ အရက်သမား၊ တစ်ချိန်လုံး ဆေးလိပ်သောက်နေတဲ့သူ၊ အချိန်အတော်ကြာ အလုပ်လက်မဲ့ ဖြစ်ခဲ့ဖူးသူပါ။ တစ်ခါတလေ လိုအပ်တာတွေ မဝယ်နိုင်လို့ ရှိတာလေးနဲ့ ဖြစ်သလို နေခဲ့ဖူးတယ်၊ ဒါကြောင့် အကြွေး လည်ပင်းနစ်မှာကို ကျွန်တော် သိပ်ကြောက်တတ်လာတယ်။ ဒီလိုကြောက်တတ်တဲ့စိတ်ကြောင့် ငွေရေးကြေးရေးကိစ္စတွေမှာ ကျွန်တော့်ဇနီးကို မဆင်မခြင် ပြောဆိုဆက်ဆံမိတယ်။” မည်သို့ပင်ဖြစ်ပါစေ ငွေသည် အငြင်းအခုံဖြစ်စေသော အကြောင်းရင်း မဟုတ်ဘဲ အိမ်ထောင်အတွက် အထောက်အကူပေးသောအရာ ဖြစ်လာရန် သင် အဘယ်အရာ ပြုလုပ်နိုင်သနည်း။

သင့်အတွက် အဘယ်အရာက ပိုအရေးကြီးသနည်း—ငွေလော သို့မဟုတ် အိမ်ထောင်ရေးလော

အောင်မြင်ရန် သော့ချက် လေးချက်

ကျမ်းစာသည် ငွေကြေး ကိုင်တွယ်သုံးစွဲပုံနှင့်ပတ်သက်သော လက်စွဲစာအုပ် မဟုတ်ပါ။ သို့သော် ယင်းတွင် ငွေကြေးပြဿနာများကို ရှောင်ရှားနိုင်ရန် ဇနီးမောင်နှံများကို အကူအညီ ဖြစ်စေမည့် လက်တွေ့ကျ အကြံပြုချက်များ ပါဝင်ပါသည်။ ထို့ကြောင့် အောက်ပါအကြံပြုချက်များကို ဆင်ခြင်သုံးသပ်ပြီး လက်တွေ့လုပ်ဆောင်ကြည့်ပါ။

၁။ ငွေကြေးကိစ္စကို အေးဆေးတည်ငြိမ်စွာ ပြောဆိုတတ်ရန် သင်ယူပါ။

“အတူတကွ တိုင်ပင်ဆွေးနွေးတတ်သောသူသည် ပညာရှိ၏။” (သု. ၁၃:၁၀ကဘ) သင်သည် ဘဝနောက်ခံကြောင့် အခြားသူများ၊ အထူးသဖြင့် သင့်အိမ်ထောင်ဖက်နှင့် ငွေကြေးကိစ္စ ပြောဆိုဆွေးနွေးရန် စိတ်မသက်မသာ ခံစားရပေမည်။ သို့သော် သင်သည် ဤအရေးကြီးသော ကဏ္ဍကို ဆွေးနွေးတတ်ရန် သင်ယူပါက ပညာရှိရာရောက်သည်။ ဥပမာ၊ ငွေကြေးနှင့်ပတ်သက်၍ သင့်မိဘ၏ သဘောထားသည် သင့်အပေါ် မည်သို့ သက်ရောက်မှုရှိနိုင်သည်ဟူသော သင့်အထင်ကို သင့်အိမ်ထောင်ဖက်အား ပြောပြပါ။ ထို့ပြင် သင့်အိမ်ထောင်ဖက်၏ ဘဝနောက်ခံသည် သူ့သဘောထားအပေါ် မည်သို့ သက်ရောက်မှုရှိကြောင်း နားလည်နိုင်အောင် ကြိုးစားပါ။

သင်သည် ငွေကြေးကိစ္စ ဆွေးနွေးရန် ပြဿနာ ပေါ်ပေါက်လာချိန်အထိ စောင့်ဆိုင်းနေစရာ မလိုပါ။ “လူနှစ်ဦးသည် မချိန်းချက်ဘဲ အတူသွားသလော” ဟု ကျမ်းရေးသူတစ်ဦး မေးခဲ့သည်။ (အာမုတ် ၃:၃သမ္မာ) ထိုကျမ်းစာမူကို မည်သို့ လက်တွေ့ကျင့်သုံးနိုင်မည်နည်း။ သင်သည် ငွေကြေးကိစ္စ ပြောဆိုဆွေးနွေးမည့် အချိန်ကို ချိန်းချက်ပြီး သတ်မှတ်ထားပါက နားလည်မှုလွဲမှားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကို လျော့နည်းသွားစေနိုင်သည်။

ဤအရာကို လုပ်ဆောင်ကြည့်ပါ– မိသားစု၏ ငွေကြေးကိစ္စကို ပြောဆိုဆွေးနွေးရန် ပုံမှန်အချိန်တစ်ချိန် သတ်မှတ်ထားပါ။ လတိုင်း၏ ပထမနေ့ သို့မဟုတ် သီတင်းပတ်တိုင်း၏ သတ်မှတ်ရက်တစ်ရက်တွင် အပြန်အလှန် ပြောဆိုနိုင်သည်။ လိုရင်းတိုရှင်း ဆွေးနွေးပါ၊ ကြာချိန်မှာ ဖြစ်နိုင်မည်ဆိုလျှင် ၁၅ မိနစ် သို့မဟုတ် ထိုထက်နည်းသင့်သည်။ ဇနီးမောင်နှံ နှစ်ဦးစလုံး စိတ်အေးလက်အေး ရှိမည့်အချိန်ကို ရွေးချယ်ပါ။ အစာစားချိန် သို့မဟုတ် သားသမီးများနှင့် အပန်းဖြေချိန်စသည်ဖြင့် ငွေကြေးကိစ္စ မပြောရမည့်အချိန်ကို နှစ်ဦးသဘောတူ ဆုံးဖြတ်ပါ။

၂။ ဝင်ငွေကို မည်သို့ သဘောထားမည်နှင့်ပတ်သက်၍ နှစ်ဦးသဘောတူ ဆုံးဖြတ်ပါ။

“အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။” (ရောမ ၁၂:၁၀) သင်သည် ငွေရှာသူဖြစ်မည်ဆိုလျှင် ထိုငွေကို သင့်ကိုယ်ပိုင်ငွေဟု သဘောထားမည့်အစား မိသားစု၏ငွေဟု သဘောထားခြင်းဖြင့် သင့်အိမ်ထောင်ဖက်ကို ဂုဏ်တင်နိုင်သည်။—၁ တိမောသေ ၅:၈

သင်တို့နှစ်ဦးစလုံး ငွေရှာသူဖြစ်မည်ဆိုလျှင် သင့်ဝင်ငွေ မည်မျှရှိကြောင်း၊ အဘယ်အရာအတွက် သုံးစွဲလိုက်ကြောင်း၊ သုံးစွဲလိုက်သော ငွေပမာဏများလျှင် မည်မျှ သုံးစွဲလိုက်ကြောင်း မကွယ်မဝှက် ပြောပြခြင်းဖြင့် အပြန်အလှန် ဂုဏ်တင်နိုင်ကြသည်။ ထိုသို့မပြောပြဘဲ ထိန်ချန်ထားပါက ယုံကြည်မှု ပျက်ပြားစေပြီး သင်တို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။ သင် သုံးစွဲမည့်ငွေပမာဏကို အသေးအဖွဲပါမကျန် သင့်အိမ်ထောင်ဖက်နှင့် တိုင်ပင်ရန် မလိုအပ်ပါ။ သို့သော် ငွေများစွာ ကုန်ကျမည့်ပစ္စည်းကို မဝယ်ယူမီ သင့်အိမ်ထောင်ဖက်နှင့် တိုင်ပင်ခြင်းက သူ၏ထင်မြင်ယူဆချက်ကို သင်တန်ဖိုးထားကြောင်း ဖော်ပြရာရောက်သည်။

ဤအရာကို လုပ်ဆောင်ကြည့်ပါ– တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်စရာမလိုဘဲ သုံးစွဲနိုင်မည့်ငွေပမာဏကို နှစ်ဦးသဘောတူ သတ်မှတ်ထားပါ၊ ထိုပမာဏသည် ကျပ် ၂၀၀၀၊ ကျပ် ၅၀၀၀ သို့မဟုတ် ထို့ထက်များသောပမာဏစသည်ဖြင့် နည်းများမဆို ဖြစ်နိုင်သည်။ သတ်မှတ်ထားသော ထိုပမာဏထက် ပို၍သုံးစွဲလိုလျှင် သင့်အိမ်ထောင်ဖက်နှင့် အမြဲတိုင်ပင်ပါ။

၃။ သင့်အစီအစဉ်များကို စာရွက်ပေါ် ချရေးထားပါ။

“သေချာစွာ ကြိုတင်စဉ်းစားစီစဉ်မှုနှင့် လုံ့လဝီရိယရှိသောသူသည် ချမ်းသာကြွယ်ဝလိမ့်မည်။” (သု. ၂၁:၅ခမ) အနာဂတ်အတွက် ကြိုတင်စီစဉ်ရန်နှင့် သင့်လုံ့လဝီရိယကို အလဟဿ မဖြစ်စေရန် နည်းလမ်းကောင်းတစ်ခုမှာ မိသားစုဝင်ငွေထွက်ငွေစာရင်း ထားရှိခြင်း ဖြစ်သည်။ “စာရွက်မှာရေးမှတ်ထားတဲ့ ကိုယ့်ရဲ့ဝင်ငွေနဲ့ အသုံးစရိတ်ကို နှိုင်းယှဉ်ကြည့်တာ တကယ်အကျိုးရှိတယ်။ ကိုယ့်ငွေရေးကြေးရေး အခြေအနေကို အမှန်အတိုင်း ရှင်းရှင်းလင်းလင်း သိလာတယ်” ဟု အိမ်ထောင်သက် ငါးနှစ်ရှိပြီဖြစ်သော နီနာက ဆိုသည်။

သင့်ဝင်ငွေထွက်ငွေစာရင်းသည် ခက်ခဲရှုပ်ထွေးစရာ မလိုပါ။ အိမ်ထောင်သက် ၂၆ နှစ်ရှိပြီး သားနှစ်ဦး၏ဖခင်ဖြစ်နေသူ ဒဲရန် ဤသို့ဆို၏– “အစပိုင်းမှာ စာအိတ်ထဲ ငွေထည့်ထားတဲ့နည်းကို ကျွန်တော်တို့ သုံးတယ်။ တစ်ပတ်စာ အသုံးစရိတ်ကို စာအိတ်တွေထဲ ခွဲထည့်ထားလိုက်တယ်။ ဥပမာ၊ အစားအစာအတွက်၊ အပန်းဖြေမှုအတွက်၊ ဆံပင်ညှပ်ဖို့အတွက်ဆိုပြီး စာအိတ်တွေ သီးသန့်ခွဲထားတယ်။ စာအိတ်တစ်အိတ်မှာ ငွေပြတ်သွားရင် နောက်စာအိတ်တစ်အိတ်ထဲက ယူသုံးတယ်၊ ဒါပေမဲ့ ယူသုံးတဲ့ငွေကို နဂိုစာအိတ်ထဲ အတတ်နိုင်ဆုံး ချက်ချင်း ပြန်ထည့်ကြတယ်။” သင်သည် ကျသင့်ငွေပေးဆောင်သောအခါ ငွေသားဖြင့်မပေးဘဲ အကြွေးဝယ်ကဒ်ဖြင့်သာ အများအားဖြင့် ပေးဆောင်တတ်ပါက သင့်အသုံးစရိတ်ကို ရေးမှတ်ထားရန် အလွန်အရေးကြီးပါသည်။

ဤအရာကို လုပ်ဆောင်ကြည့်ပါ– သင့်ပုံသေကုန်ကျစရိတ် အားလုံးကို ချရေးပါ။ သင့်ဝင်ငွေ၏ ရာခိုင်နှုန်း မည်မျှကို စုဆောင်းသင့်ကြောင်း ဆုံးဖြတ်ပါ။ ထို့နောက် စားစရိတ်၊ မီတာခနှင့် တယ်လီဖုန်းခွန်စသည့် ပုံသေမဟုတ်သော ကုန်ကျစရိတ်များကို ချရေးပါ။ သင်သုံးစွဲသောငွေအားလုံးကို လအတော်ကြာ စာရင်းမှတ်သားပါ။ အကြွေးလည်ပင်းနစ်သည့်အဖြစ်မျိုး မရောက်စေရန် သင့်ဘဝပုံစံကို လိုအပ်သလို ပြုပြင်ချိန်ညှိပါ။

၄။ မည်သူက အဘယ်အရာ လုပ်မည်ကို ဆုံးဖြတ်ပါ။

“လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ [“အတူတကွ၊” ကဘ] ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကို ရတတ်၏။” (ဒေ. ၄:၉၊ ၁၀) မိသားစုအချို့တွင် ခင်ပွန်းက ငွေကြေးကို စီမံခန့်ခွဲသည်။ အခြားမိသားစုများတွင်မူ ဇနီးက ယင်းကို တာဝန်ယူရပေမည်။ (သု. ၃၁:၁၀-၂၉) သို့သော် ဇနီးမောင်နှံများစွာသည် ထိုတာဝန်ကို ခွဲဝေယူရန် ဆုံးဖြတ်ကြသည်။ “ကျွန်တော့်ဇနီးက ကုန်ကျစရိတ်နည်းတဲ့ ကဏ္ဍတွေကို တာဝန်ယူတယ်။ ကျွန်တော်ကျတော့ အခွန်ဆောင်ဖို့၊ စာချုပ်စာတမ်းလုပ်ဖို့၊ ငှားရမ်းခတွေပေးဖို့ တာဝန်ယူတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အသိပေးပြီး ပူးပေါင်းလုပ်ဆောင်ကြတယ်” ဟုအိမ်ထောင်သက် ၂၁ နှစ်ရှိပြီဖြစ်သော မာရီယိုက ဆိုသည်။ မည်သည့် နည်းလမ်းကိုမဆို သင်အသုံးပြုပါစေ အရေးကြီးဆုံးမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ဖြစ်သည်။

ဤအရာကို လုပ်ဆောင်ကြည့်ပါ– ဇနီးမောင်နှံ နှစ်ဦးစလုံး၏ အားသာချက်နှင့် အားနည်းချက်များကို အသေအချာ သုံးသပ်ပြီးနောက် မည်သူက မည်သည့် ကဏ္ဍတွင် တာဝန်ယူမည်ကို ဆွေးနွေးပါ။ လအနည်းငယ်ကြာပြီးနောက် လုပ်ဆောင်ခဲ့ရာများကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ ပြုပြင်ချိန်ညှိစရာများကို စိတ်ပါလက်ပါ လုပ်ဆောင်ပါ။ ကုန်ကျစရိတ် ပေးဆောင်ခြင်း၊ ဈေးဝယ်ခြင်းစသော သင့်အိမ်ထောင်ဖက် ယူထားသည့် တာဝန်များကို သင် တန်ဖိုးထားတတ်လာရန် တာဝန်များကို တစ်ခါတစ်ရံ လဲလှယ်၍ လုပ်ဆောင်ကြည့်ပါ။

ငွေကြေးကိစ္စ ဆွေးနွေးခြင်းက ဖော်ပြသည့်အရာ

ငွေကြေးကိစ္စ ပြောဆိုဆွေးနွေးခြင်းသည် ဇနီးမောင်နှံနှစ်ဦး၏ မေတ္တာကို အဟန့်အတား မဖြစ်စေပါ။ အိမ်ထောင်သက် ငါးနှစ်ရှိပြီဖြစ်သော လေအာသည် ယင်းအချက် မှန်ကန်ကြောင်း တွေ့ရှိခဲ့သည်။ “ကျွန်မရဲ့ခင်ပွန်းနဲ့ ကျွန်မက ပိုက်ဆံကိစ္စ ဆွေးနွေးတဲ့အခါ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ပြောတတ်ဖို့ ကြိုးစားတယ်။ ရလဒ်အနေနဲ့ ကျွန်မတို့နှစ်ယောက်က တက်ညီလက်ညီ ရှိလာတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် ပိုပိုချစ်လာတယ်” ဟု သူဆိုသည်။

ဇနီးမောင်နှံတို့သည် ငွေကို မည်သို့ သုံးစွဲလိုကြောင်း အပြန်အလှန် ဆွေးနွေးကြသောအခါ မိမိတို့၏ မျှော်လင့်ချက်များနှင့် စိတ်ကူးအိပ်မက်များကို အပြန်အလှန် ဝေမျှနေခြင်း၊ အိမ်ထောင်ရေး ကတိသစ္စာကို စောင့်ထိန်းနေခြင်း ဖြစ်သည်။ ကုန်ကျစရိတ် ကြီးမားသော ပစ္စည်းများကို မဝယ်ယူမီ အတူတကွ တိုင်ပင်ဆွေးနွေးခြင်းသည် မိမိအိမ်ထောင်ဖက်၏ ထင်မြင်ချက်များနှင့် ခံစားချက်များကို လေးစားကြောင်း ဖော်ပြရာရောက်သည်။ တိုင်ပင်ဆွေးနွေးစရာမလိုဘဲ သတ်မှတ်ထားသော ပမာဏအတွင်း ငွေကို လွတ်လပ်စွာ သုံးစွဲခွင့်ပြုခြင်းသည် တစ်ဦးအပေါ်တစ်ဦး ယုံကြည်စိတ်ချကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ အိမ်ထောင်ရေး ကတိသစ္စာ စောင့်ထိန်းခြင်း၊ အပြန်အလှန် လေးစားခြင်းနှင့် ယုံကြည်စိတ်ချမှု ရှိခြင်းတို့သည် ဇနီးမောင်နှံနှစ်ဦး၏ မေတ္တာနှောင်ကြိုးကို အမှန်ပင် ခိုင်မြဲစေသည်။ ထိုကဲ့သို့သော နှောင်ကြိုးသည် ငွေကြေးထက် အဆပေါင်းများစွာ တန်ဖိုးကြီးသည်ဖြစ်ရာ ငွေကြေးကိစ္စကြောင့် အငြင်းအခုံ ဖြစ်နေခြင်းသည် အမှန်ပင် အကျိုးမရှိချေ။

^ အပိုဒ်၊ 3 အမည်များကို ပြောင်းထားသည်။

^ အပိုဒ်၊ 7 “ခင်ပွန်းသည် ဇနီး၏ ဦးခေါင်းဖြစ်၏” ဟု ကျမ်းစာတွင် ဖော်ပြထားသည်၊ ထို့ကြောင့် ခင်ပွန်းသည် မိသားစု၏ ငွေကို မည်သို့ သုံးစွဲမည်နှင့်ပတ်သက်၍ အဓိက ဆုံးဖြတ်ရမည့်တာဝန်ရှိပြီး ဇနီးကို တစ်ကိုယ်ကောင်းမဆန်ဘဲ မေတ္တာပါစွာ ပြောဆိုဆက်ဆံရမည့်တာဝန်လည်း ရှိသည်။—ဧဖက် ၅:၂၃၊ ၂၅

သင့်ကိုယ်သင် ဤသို့မေးပါ. . .

  • ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး ငါ့အိမ်ထောင်ဖက်နဲ့ငါ နောက်ဆုံးအကြိမ် အေးအေးဆေးဆေး ပြောဆိုခဲ့တာ ဘယ်တုန်းကလဲ။

  • မိသားစုရဲ့ ငွေကြေးကိစ္စမှာ ငါ့အိမ်ထောင်ဖက်ရဲ့ ကူညီပံ့ပိုးမှုတွေကို တန်ဖိုးထားတယ်ဆိုတာ ဖော်ပြဖို့ ငါ ဘာတွေ ပြောနိုင်သလဲ၊ ငါ ဘာတွေ လုပ်နိုင်သလဲ။