မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူ့အုပ်ချုပ်ရေးတွင် ယေရှု အဘယ်ကြောင့် မပါဝင်ခဲ့

လူ့အုပ်ချုပ်ရေးတွင် ယေရှု အဘယ်ကြောင့် မပါဝင်ခဲ့

လူ့အုပ်ချုပ်ရေးတွင် ယေရှု အဘယ်ကြောင့် မပါဝင်ခဲ့

အေဒီ ၃၂၊ ညနေခင်းတစ်ခု၏ မြင်ကွင်းဖြစ်ပါသည်။ ကြိုဟောထားသော မေရှိယဖြစ်သူ ယေရှုသည် ဖျားနာသူကို ကုသပေးခြင်း၊ သေလွန်သူကို ရှင်ပြန်ထမြောက်ပေးခြင်းကြောင့် ထင်ပေါ်ကျော်ကြားခဲ့သည်။ ကိုယ်တော်ပြသခဲ့သော အံ့ဖွယ်လုပ်ရပ်များ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သွန်သင်ချက်များကြောင့် ထောင်နှင့်ချီသော လူအုပ်က အံ့သြလေးစားသွားကြသည်။ ယခု ကိုယ်တော်သည် ဆာလောင်နေသော လူအုပ်ကြီးကို အုပ်စုငယ်လေးများအဖြစ် ဖွဲ့လိုက်သည်။ ထို့နောက် ဘုရားသခင်ထံဆုတောင်းကာ အံ့ဖွယ်နည်းဖြင့် သူတို့ကို ကျွေးမွေးလေသည်။ စားသောက်ပြီးသောအခါ အလဟဿမဖြစ်စေရန် စားကြွင်းစားကျန်များကို ကောက်သိမ်းစေသည်။ လူတို့ မည်သို့တုံ့ပြန်ကြသနည်း။—ယောဟန် ၆:၁-၁၃

ယေရှုပြသခဲ့သည့် အံ့ဖွယ်အမှုများ၊ လူအုပ်ကို ထိန်းကျောင်းရာတွင်နှင့် သူတို့၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရာတွင် ကျွမ်းကျင်စွာ စီမံကိုင်တွယ်နိုင်မှုတို့ကို လူတို့တွေ့မြင်ပြီးနောက် ယေရှုသည် ဘုရင်ကောင်းတစ်ပါး ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်ကြသည်။ (ယောဟန် ၆:၁၄) လူတို့ ထိုသို့တုံ့ပြန်ကြသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။ လူတို့သည် ထက်မြက်သော အုပ်စိုးရှင်ကောင်းတစ်ဦး လိုအပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏တိုင်းပြည်ကို တိုင်းတစ်ပါးအစိုးရက နိုင်ထက်စီးနင်း အုပ်ချုပ်နေသောကြောင့်ဖြစ်သည်။ သို့နှင့် သူတို့သည် ယေရှုကို နိုင်ငံရေးတွင်ပါဝင်စေရန် ဖိအားပေးကြ၏။ ယင်းအချက်ကို စိတ်တွင်မှတ်သားပြီး ယေရှု မည်သို့တုံ့ပြန်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။

“ယေရှုသည် ထိုသူတို့လာ၍ မိမိအား အနိုင်အထက်ပြုကာ မင်းမြှောက်မည်ကို သိတော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွသွားပြန်၏” ဟုကျမ်းစာမှတ်တမ်းက ဆိုသည်။ (ယောဟန် ၆:၁၅) ယေရှု၏ရပ်တည်မှုသည် အလွန်ပြတ်သား၏။ ကိုယ်တော်သည် နိုင်ငံရေးတွင် လုံး၀မပတ်သက်ခဲ့ချေ။ ကိုယ်တော်၏ရပ်တည်ချက်သည် ဘယ်တော့မျှ ပြောင်းလဲမည်မဟုတ်။ မိမိ၏နောက်လိုက်များလည်း ထိုနည်းတူ ရပ်တည်ကြမည်ဟု ကိုယ်တော်မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၇:၁၆) ကိုယ်တော် အဘယ်ကြောင့် ထိုသို့ရပ်တည်ခဲ့သနည်း။

ယေရှု အဘယ်ကြောင့် ကြားနေခဲ့

ဤလောကနိုင်ငံရေးတွင် ယေရှု ကြားနေခဲ့ခြင်းသည် ကျမ်းစာမူများအပေါ် အခြေခံသည်။ ကျမ်းစာမူနှစ်ခုကို သုံးသပ်ကြည့်ပါ။

‘မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုးခဲ့ကြပြီ။’ (ဒေ. ၈:၉) လူ့အုပ်ချုပ်ရေး၏သမိုင်းနှင့်ပတ်သက်၍ ကျမ်းစာက ထိုသို့ဆိုခဲ့သည်။ ယေရှုသည် လူတစ်ဦးအနေနှင့် မြေကြီးပေါ်သို့ မကြွလာမီ နှစ်ပေါင်းများစွာကတည်းက ကောင်းကင်၌ ဝိညာဉ်သားတစ်ဦးအနေဖြင့် တည်ရှိခဲ့သည်ကို သတိရပါ။ (ယောဟန် ၁၇:၅) လူသားတို့သည် ရည်ရွယ်ချက်ကောင်းရှိသော်လည်း သန်းပေါင်းများစွာသောသူတို့၏ လိုအပ်ရာများကို ကောင်းစွာ စီမံပေးနိုင်စွမ်းမရှိကြောင်း၊ ထိုသို့ပြုရန် လူကို ဘုရားသခင် မဖန်ဆင်းထားကြောင်း ကိုယ်တော် သိရှိသည်။ (ယေရမိ ၁၀:၂၃) လူ့ပြဿနာများကို လူ့အုပ်စိုးရှင်များက မဖြေရှင်းပေးနိုင်ကြောင်းလည်း ကိုယ်တော် သိရှိသည်။

‘တစ်လောကလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်တွင် ရှိ၏။’ (၁ ယောဟန် ၅:၁၉) ထိုဖော်ပြချက်ကြောင့် သင် အထိတ်တလန့်ဖြစ်သွားသလော။ လူများစွာက ထိတ်လန့်သွားကြသည်။ စိတ်ရိုးဖြောင့်သူတို့သည် ဤလောကကို ပိုကောင်းပြီး ပို၍လုံခြုံသည့်နေရာ ဖြစ်စေလိုသောကြောင့် နိုင်ငံရေးတွင် ပါဝင်နေကြခြင်းဖြစ်မည်ဟု လူတို့ယူဆကြသည်။ သို့သော် စိတ်ရင်းမှန်သော အုပ်စိုးရှင်များသည် ကမ္ဘာ့အခြေအနေပိုကောင်းလာအောင် ကြိုးပမ်းခဲ့ကြသော်လည်း “ဤလောကကို အစိုးရသောမင်း” ဖြစ်သည့် နတ်ဆိုးမင်းစာတန်၏သြဇာကို မလွန်ဆန်နိုင်ခဲ့ပေ။ (ယောဟန် ၁၂:၃၁; ၁၄:၃၀) ထို့ကြောင့် နိုင်ငံရေးသမားတစ်ဦးကို ယေရှုက “ငါ၏နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်” ဟုမိန့်ဆိုခဲ့ခြင်းဖြစ်သည်။ (ယောဟန် ၁၈:၃၆) ယေရှုသည် ဘုရားသခင့် ကောင်းကင်အစိုးရ၏ မင်းလောင်းတစ်ပါးဖြစ်သည်။ အကယ်၍သာ လူ့နိုင်ငံရေးတွင် ယေရှု ပါဝင်ပတ်သက်ခဲ့မည်ဆိုလျှင် ခမည်းတော်၏အုပ်ချုပ်ရေးကို သစ္စာဖောက်ရာကျပေလိမ့်မည်။

သို့ဆိုလျှင် မိမိ၏နောက်လိုက်များအား လူ့အုပ်ချုပ်ရေးတွင် လုံး၀မပတ်သက်ရဟု ယေရှု မိန့်ဆိုခဲ့သလော။ မမိန့်ဆိုခဲ့ချေ။ ယင်းအစား ဘုရားသခင့်စကားကို နာခံခြင်းနှင့် လူ့ဥပဒေကို လိုက်နာခြင်းစပ်ကြား မျှတမှု မည်သို့ထားရှိနိုင်ကြောင်း သူတို့ကို ကိုယ်တော် သွန်သင်ပေးနေခြင်းဖြစ်သည်။

ယေရှု ဥပဒေလိုက်နာခဲ့

ဝတ်ပြုရာအိမ်တော်တွင် ယေရှု ဟောပြောသွန်သင်နေစဉ် အတိုက်အခံပြုသူတို့သည် လူတို့ အခွန်ပေးသင့် မပေးသင့် မေးခြင်းအားဖြင့် ကိုယ်တော်အား အကွက်ဆင်ခဲ့ကြသည်။ အကယ်၍ မပေးသင့်ဟု ယေရှု ဖြေလိုက်မည်ဆိုလျှင် ရောမအစိုးရအား အကြည်ညိုပျက်အောင် လုပ်ရာကျသွားမည်။ ထို့အပြင် ရောမဖိနှိပ်မှုအောက်မှ လွတ်မြောက်လိုသော ဖိနှိပ်ခံလူတန်းစားကို ပုန်ကန်ထကြွလာအောင် လှုံ့ဆော်ပေးရာကျသွားမည်။ အကယ်၍ ပေးသင့်သည်ဟု ယေရှုဖြေမည်ဆိုလျှင် လူတို့ရင်ဆိုင်နေရသော မတရားမှုကို လျစ်လျူရှုရာကျသွားပေမည်။ သို့သော် ယေရှုသည် အပြစ်ဆိုဖွယ်မရှိအောင် ဖြေဆိုနိုင်ခဲ့၏။ ကိုယ်တော်က ‘ဧကရာဇ်မင်း၏ဥစ္စာကို ဧကရာဇ်မင်းအား ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ပေးကြလော့’ ဟုမိန့်ဆိုလေသည်။ (လုကာ ၂၀:၂၁-၂၅) ထို့ကြောင့် ကိုယ်တော်၏နောက်လိုက်များသည် ဘုရားသခင်၏စကားကို နားထောင်ရမည့်အပြင် လူ့ဥပဒေများကိုလည်း လိုက်နာရမည်။

အာဏာပိုင်များသည် ၎င်းတို့၏အခွင့်အာဏာကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ကြ၏။ ရိုးသားမှုရှိရန်၊ အခွန်ပေးဆောင်ရန်၊ ဥပဒေလိုက်နာရန် နိုင်ငံသားများအား သူတို့တောင်းဆိုပိုင်ခွင့်ရှိကြသည်။ ဧကရာဇ်မင်း၏ဥစ္စာကို ဧကရာဇ်မင်းအား ပေးခြင်းကိစ္စတွင် ယေရှု အဘယ်စံနမူနာပြခဲ့သနည်း။ ဥပဒေလိုက်နာရန် ခက်ခဲသည့်အချိန်၌ပင် လိုက်နာခဲ့ကြသည့် မိဘများ၏ အုပ်ထိန်းမှုအောက်တွင် ယေရှု ကြီးပြင်းလာခဲ့သည်။ ဥပမာ၊ ယောသပ်နှင့် ကိုယ်ဝန်အရင့်အမာဖြစ်နေသော ဇနီးသည် မာရိသည် ရောမအစိုးရ၏အမိန့်အရ မိုင် ၉၀ ခန့်ဝေးသည့် ဘက်သလီဟင်မြို့သို့ ခရီးထွက်ခဲ့ကြသည်။ (လုကာ ၂:၁-၅) မိဘများကဲ့သို့ပင် ယေရှုသည်လည်း မိမိပေးစရာမလိုသော အခွန်ကို ပေးဆောင်ခြင်းဖြင့် ဥပဒေလိုက်နာခဲ့သည်။ (မဿဲ ၁၇:၂၄-၂၇) ထို့ပြင် ဝတ်ပြုရေးနှင့်မဆိုင်သည့် ကိစ္စရပ်များတွင်လည်း ဥပဒေလိုက်နာခဲ့သည်။ (လုကာ ၁၂:၁၃၊ ၁၄) ကိုယ်တော်သည် လူ့အုပ်ချုပ်ရေးနှင့် မပတ်သက်ခဲ့သော်လည်း ယင်း၏စနစ်ကိုမူ လေးစားမှုပြခဲ့သည်။ ‘ဘုရားသခင့်ဥစ္စာကို ဘုရားသခင်အား ပေးခြင်း’ နှင့်ပတ်သက်၍ ယေရှု အဘယ်အရာကို ဆိုလိုခဲ့သနည်း။

ဘုရားသခင့်ဥစ္စာကို ဘုရားသခင်အား ယေရှု ပေးဆက်ခဲ့ပုံ

လူသားတို့အား ဘုရားသခင်ပေးခဲ့သည့် ပညတ်ရှိရှိသမျှတွင် မည်သည့်ပညတ်က အကြီးမြတ်ဆုံးနည်းဟု ယေရှု အမေးခံခဲ့ရ၏။ ကိုယ်တော် ဤသို့ဖြေကြားခဲ့၏– “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏။ ဤပညတ်နှင့်ဆင်တူသည့် ဒုတိယပညတ်ကား ‘လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ဖြစ်၏။” (မဿဲ ၂၂:၃၇-၃၉) ‘ဘုရားသခင့်ဥစ္စာကို ဘုရားသခင်အား ပေးခြင်း’ နှင့်စပ်လျဉ်း၍ ယေရှုမိန့်ဆိုရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ချစ်ရန် ၀တ္တရားရှိသည်ဟု ဆိုလိုနေခြင်းဖြစ်၏။

ထိုမေတ္တာမျိုးကို ခွဲဝေပေးနိုင်ပါသလော။ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏ ကောင်းကင်အစိုးရကို သစ္စာစောင့်သိနိုင်သကဲ့သို့ လူ့အုပ်ချုပ်ရေးကိုလည်း သစ္စာစောင့်သိနိုင်ပါသလော။ ယေရှုကိုယ်တိုင် ဤကျမ်းစာမူကို ဖော်ပြခဲ့၏– “မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ တစ်ဦးကိုမုန်း၍ တစ်ဦးကို ချစ်မည်။ သို့မဟုတ် တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေနှင့် စည်းစိမ်ချမ်းသာ၏အစေနှစ်ရပ်ကို မခံနိုင်ကြ။” (မဿဲ ၆:၂၄) ဤတွင် ဘုရားသခင်အပေါ် မှီခိုအားထားခြင်းနှင့် စည်းစိမ်ဥစ္စာအပေါ် မှီခိုအားထားခြင်းအကြောင်း ယေရှု ဆိုလိုနေခြင်းဖြစ်သော်လည်း နိုင်ငံရေး၌ ပါဝင်ပတ်သက်ခြင်းကိစ္စတွင်လည်း မူအရသက်ဆိုင်ကြောင်း ကိုယ်တော် ယူမှတ်ခဲ့သည်။ ပထမရာစုရှိ ကိုယ်တော်၏နောက်လိုက်များလည်း ကိုယ်တော်နည်းတူ ယူမှတ်ခဲ့ကြသည်။

ပထမရာစုရှိ ယေရှု၏နောက်လိုက်များသည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိကြောင်း ရှေးအကျဆုံး မှတ်တမ်းမှတ်ရာများတွင် ဖော်ပြထား၏။ သူတို့သည် ယေရှု ဝတ်ပြုကိုးကွယ်ခဲ့သည့် ဘုရားသခင်တစ်ပါးတည်းကိုသာ ဝတ်ပြုကိုးကွယ်ကြသောကြောင့် ရောမအင်ပါယာနှင့် ဧကရာဇ်မင်းကို သစ္စာစောင့်သိရန်၊ စစ်မှုထမ်းရန်၊ ရာထူးရာခံများလက်ခံရန် ငြင်းပယ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ရန်လိုမှုကို နည်းအမျိုးမျိုးဖြင့် ခံခဲ့ရ၏။ သူတို့သည် လူတို့ကို မုန်းတီးသူများဖြစ်သည်ဟု ရန်သူများက တစ်ခါတစ်ရံ စွပ်စွဲခဲ့ကြသည်။ ထိုစွပ်စွဲချက်သည် မှန်ကန်ပါသလော။

စစ်မှန်သောခရစ်ယာန်များသည် လူတို့ကို ဂရုစိုက်

ဘုရားသခင်၏ ဒုတိယအကြီးဆုံးပညတ်မှာ “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူ၍ဖြစ်ကြောင်း ယေရှုမိန့်ဆိုခဲ့သည်။ လူတို့ကို မုန်းတီးလျှင် ယေရှု၏ နောက်လိုက်စစ်များ မဖြစ်နိုင်ကြောင်း ရှင်းနေပါသည်။ ယေရှုသည် လူတို့ကို ချစ်၍ သူတို့အကျိုးအတွက် အပင်ပန်းခံကာ လုပ်ဆောင်ပေးခဲ့သည်။ လူတို့ရင်ဆိုင်နေရသော ပြဿနာများကိုပင် လက်တွေ့ကျကျ ကူညီပေးခဲ့သည်။—မာကု ၅:၂၅-၃၄; ယောဟန် ၂:၁-၁၀

သို့သော် ယေရှုကို အဘယ်အတွက် လူသိများကြသနည်း။ ကိုယ်တော်ကို ကုသပေးသူ၊ ထောင်နှင့်ချီသောသူတို့ကို ကျွေးမွေးသူ၊ လူသေကို ရှင်ပြန်ထမြောက်ပေးသူအဖြစ် မဟုတ်ဘဲ ဆရာအဖြစ် လူသိများခဲ့သည်။ (ယောဟန် ၁:၃၈; ၁၃:၁၃) မြေကြီးပေါ်သို့ မိမိကြွလာရသည့် အဓိကအကြောင်းရင်းမှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း လူတို့ကို သွန်သင်ပေးရန်ဖြစ်သည်ဟု ယေရှုမိန့်ဆိုခဲ့သည်။—လုကာ ၄:၄၃

ထို့ကြောင့် ယေရှု၏ နောက်လိုက်စစ်များသည် ၎င်းတို့၏သခင် မြေကြီးပေါ်တွင် လုပ်ဆောင်ခဲ့သည့်အတိုင်း ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သော သတင်းကောင်းကို လူတို့အား သွန်သင်ပေးခဲ့ကြသည်။ ထိုအကြောင်းအရာကိုပင် ကမ္ဘာတစ်ဝန်းရှိ လူတို့အား ဟောပြောသွန်သင်ရန် ခရစ်ယာန်စစ်အားလုံးကို ယေရှုခရစ် တာဝန်ပေးခဲ့သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဖောက်ပြန်ယိုယွင်းခြင်းမရှိသော ကောင်းကင်အစိုးရသည် မေတ္တာအပေါ်အခြေခံပြီး ဘုရားသခင့် ဖန်ဆင်းရာအားလုံးကို အုပ်စိုးသွားမည်။ ယင်းသည် ဘုရားသခင့်အလိုတော်ကို ဖြစ်မြောက်အောင်မြင်စေပြီး ဆင်းရဲခက်ခဲမှုများနှင့် သေခြင်းကိုပင် ဖယ်ရှားပစ်မည်။ (မဿဲ ၆:၉၊ ၁၀; ဗျာ. ၂၁:၃၊ ၄) ယေရှု၏သတင်းတရားကို “သတင်းကောင်း” အဖြစ် ကျမ်းစာရည်ညွှန်းခဲ့ခြင်းက အံ့ဩစရာမဟုတ်ပေ။—လုကာ ၈:၁

သို့ဖြစ်၍ ယနေ့ ကမ္ဘာပေါ်တွင် ယေရှုခရစ်၏ နောက်လိုက်စစ်များကို သင် ရှာတွေ့လိုလျှင် မည်သို့ခွဲခြားသိမြင်နိုင်မည်နည်း။ သူတို့သည် ဤလောက၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမည်လော။ သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းကို ယေရှုနည်းတူ သူတို့ လုပ်ဆောင်နေကြသလော။

ဘုရားသခင့်နိုင်ငံတော်အကြောင်း၊ ယင်းက သင့်ဘ၀အပေါ် မည်သို့အကျိုးသက်ရောက်ကြောင်း သင် ပိုမိုသိရှိလိုပါသလော။ ဒေသခံ ယေဟောဝါသက်သေများနှင့် ကျေးဇူးပြု၍ ဆက်သွယ်ပါ သို့မဟုတ် သူတို့၏ တရားဝင်ဝက်ဘ်ဆိုက် www.dan124.com တွင်ဝင်ကြည့်ပါ။

[စာမျက်နှာ ၂၄၊ ၂၅ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

ယေဟောဝါသက်သေများသည် ရပ်ရွာကောင်းကျိုးပြုပါသလော

ယေဟောဝါသက်သေများသည် နိုင်ငံရေးတွင် ကြားနေကြပါသည်။ သို့သော် သူတို့သည် မိမိတို့နေထိုင်ရာဒေသရှိ လူမျိုးအသီးသီး၊ နောက်ခံအမျိုးမျိုးရှိသော လူတို့ကို ကူညီပေးရာတွင် တက်တက်ကြွကြွ ပါဝင်ကြသည်။ သူတို့ပါဝင်ကူညီနေသည့် လုပ်ဆောင်ချက်တချို့ကို သုံးသပ်ကြည့်ပါ–

▪ ခုနစ်သန်းကျော်ရှိသော ယေဟောဝါသက်သေ စေတနာ့ဝန်ထမ်းများသည် နှစ်စဉ် နာရီပေါင်း ၁.၅ ဘီလီယံကျော် အသုံးပြု၍ သမ္မာကျမ်းစာအကြောင်း၊ သမ္မာကျမ်းစာက အကျင့်ဆိုးများကို မည်သို့စွန့်လွှတ်စေနိုင်ကြောင်း၊ ပျော်ရွှင်သော မိသားစုဘ၀ကို မည်သို့တည်ဆောက်နိုင်ကြောင်း၊ ဘ၀အသက်တာကို မည်သို့တိုးတက်စေနိုင်ကြောင်း လူတို့ကို သွန်သင်ပေးလျက်ရှိသည်။

▪ သူတို့သည် ဘာသာစကားပေါင်း ၅၀၀ ကျော်ဖြင့် စာအုပ်စာပေများကို အခမဲ့ ပုံနှိပ်ဖြန့်ချိပေးနေပါသည်။ ထိုအထဲတွင် အခြားသူတို့ လုံး၀မထုတ်နိုင်သေးသော ဘာသာစကားတချို့နှင့် ပြန်ဆိုထားသည့် စာပေများလည်း ပါဝင်သည်။

▪ လူအများနှင့် စကားပြောဆိုရာတွင် ရှင်းလင်းပီသစွာ၊ လိမ္မာ ပါးနပ်စွာ ပြောဆိုနိုင်ရန် သန်းနှင့်ချီသောသူတို့ကို ကူညီပေးနေသည့် လူထုရှေ့စကားပြောသင်တန်းများကို ကျင်းပလျက်ရှိပါသည်။

▪ ကမ္ဘာတစ်ဝန်းတွင် စာတတ်မြောက်ရေးသင်တန်းများ ဖွင့်လှစ်ကာ စာမတတ်သူများ ရေးတတ်ဖတ်တတ်ရန် သင်တန်းပေးနေပါသည်။

▪ ကျမ်းစာသင်တန်းများပေးနေသည့် ခန်းမများကို ဆောက်လုပ်နိုင်ရန် ကမ္ဘာတစ်ဝန်းတွင် ဒေသန္တရဆောက်လုပ်ရေးကော်မတီ ၄၀၀ ကျော် ဖွဲ့စည်းကာ စေတနာ့ဝန်ထမ်းများကို ဆောက်လုပ်ရေးအတတ်ပညာများ သင်ပေးနေပါသည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်း ဝတ်ပြုရာခန်းမ အလုံးပေါင်း ၂၀,၀၀၀ ကျော် ဆောက်လုပ်ပေးခဲ့သည်။

▪ ကမ္ဘာတစ်ဝန်းတွင် သဘာ၀ဘေးဒဏ်ကြုံနေရသူ ယေဟောဝါသက်သေများကိုရော အခြားသူများကိုပါ ကူညီပေးရန် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေကြပါသည်။ အမေရိကန်နိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း နှစ်နှစ်ဆက်တိုက် တိုက်ခတ်သွားရာ ယေဟောဝါသက်သေ စေတနာ့ဝန်ထမ်းများသည် ဝတ်ပြုရာခန်းမ အလုံးပေါင်း ၉၀ ကျော်နှင့် နေအိမ်ပေါင်း ၅,၅၀၀ ပြန်ဆောက်ပေးခဲ့ကြသည်။

[စာမျက်နှာ ၂၃ ပါပုံစာ]

လူတို့သည် ယေရှုကို လူ့အုပ်ချုပ်ရေးတွင် ပါဝင်ရန် အတင်းအဓမ္မပြုသောအခါ ကိုယ်တော်သည် “တစ်ယောက်တည်း တောင်ပေါ်သို့” ထွက်ကြွသွားခဲ့