မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

ပုရွက်ဆိတ်များသည် နွေကာလနှင့် စပါးရိတ်ရာကာလ၌ အစာရှာဖွေစုဆောင်းသလော။

“အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏” ဟုကျမ်းစာကဆိုသည်။—သု. ၆:၆-၈

အမှန်မှာ ပုရွက်ဆိတ်မျိုးစိတ်တချို့သည် အစာရှာဖွေသိုလှောင်တတ်ကြသည်။ ရှောလမုန်မင်းကြီး ဖော်ပြခဲ့သည့် ပုရွက်ဆိတ်မျိုးစိတ်သည် အစာရှာဖွေစုဆောင်းသော ပုရွက်ဆိတ်များ (harvester ants) ဖြစ်နိုင်ပြီး ထိုမျိုးစိတ်ကို ယနေ့ခေတ် အစ္စရေးနိုင်ငံတွင် အများဆုံး တွေ့ရတတ်သည်။

“ရာသီဥတု သာယာသောအချိန်တွင် အစာရှာဖွေစုဆောင်းသော ပုရွက်ဆိတ်များသည် အစာရှာရန် ၎င်းတို့၏အသိုက်အအုံမှ ထွက်လာကြပြီး . . . ပူနွေးသောလများတစ်လျှောက် အစေ့များကို ရှာဖွေစုဆောင်းကြသည်” ဟု စာပေတစ်ခုတွင် ဖော်ပြထား၏။ ၎င်းတို့သည် အစေ့များကို အပင်များမှလည်းကောင်း၊ မြေပေါ်မှလည်းကောင်း ကိုက်ချီသွားကြသည်။ အစေ့များတွေ့ ရှိနိုင်သည့် လယ်ကွင်းများ၊ စပါးကျီများ၊ တလင်းများအနီးရှိ မြေအောက်တွင် အသိုက်အအုံများ ဆောက်လုပ်ထားတတ်ကြသည်။

ထိုမြေအောက်အသိုက်အအုံထဲတွင် သပွတ်အူကဲ့သို့ ရှုပ်ထွေးပွေလိမ်နေသော လမ်းကြောင်းများဖြင့် ဆက်သွယ်ထားသည့် အခန်းများစွာရှိသည်။ ထိုအခန်းများတွင် အစာများကို သိုလှောင်ထားကြသည်။ ထိုအခန်းလေးများသည် အကျယ် ငါးလက်မ၊ အမြင့် လက်မဝက်ရှိနိုင်သည်။ ပုရွက်ဆိတ်များသည် အစာလုံလောက်စွာ ရှာဖွေသိုလှောင်ထားပါက “၄ လကျော်အထိ အပြင်သို့ အစာရေစာ ထွက်ရှာစရာမလိုတော့ဘဲ” အသက်ဆက်ရှင်နိုင်သည်ဟုဆို၏။

ရှင်ဘုရင်ထံ စပျစ်ဝိုင်ဆက်သသူတစ်ဦး၏ တာဝန်ကား အဘယ်နည်း။

နေဟမိသည် ပါးရှန်းဘုရင် အာတဇေရဇ်ထံ စပျစ်ဝိုင်ဆက်သရသူဖြစ်၏။ (နေဟမိ ၁:၁၁) ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသရှိ ဘုရင့်နန်းတော်တွင် စပျစ်ဝိုင်ဆက်သသူသည် နိမ့်ကျသောကျွန်တစ်ဦး မဟုတ်ချေ။ သူသည် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်၏။ စပျစ်ဝိုင်ဆက်သသူများအကြောင်း ရေးသားဖော်ပြထားသည့် ဂန္ထဝင်စာပေများနှင့် ရှေးခေတ် သရုပ်ဖော်ပန်းချီကားများကို လေ့လာကြည့်ရှုလျှင် ပါးရှန်းနန်းတော်တွင် နေဟမိ ထမ်းဆောင်ရသော တာဝန်နှင့်ပတ်သက်၍ အတော်အတန် သိရှိနိုင်ပါသည်။

စပျစ်ဝိုင်ဆက်သသူသည် ဘုရင်သောက်သုံးမည့် စပျစ်ဝိုင်ထဲတွင် အဆိပ်ခတ်ထားမထားသိနိုင်ရန် အရင်မြည်းစမ်းကြည့်ရ၏။ သို့နှင့် ဘုရင်၏ယုံကြည်စိတ်ချမှုကို သူ အပြည့်အ၀ ရရှိသည်။ “အာခီမဲန်နစ်မင်းဆက်တို့၏ [ပါးရှန်း] နန်းတော်တွင် ဖြစ်လေ့ရှိသော လျှို့ဝှက်ကြံစည်မှုများကို ဖော်ထုတ်နိုင်ရန် ယုံကြည်စိတ်ချရသော နန်းတော်စောင့်များရှိဖို့ လိုအပ်သည်” ဟုသမိုင်းပညာရှင် အက်ဒဝင် အမ်. ယာမာအူချီက ဆို၏။ စပျစ်ဝိုင်ဆက်သသူသည် မျက်နှာသာပေးခံရသော နန်းတွင်းအရာရှိတစ်ဦးဖြစ်ကာ ဘုရင်အပေါ် အတော်သြဇာညောင်းသည်။ သူသည် ဘုရင့်အပါးတော်တွင် နေ့စဉ် အမှုထမ်းရသည့်အတွက် ဘုရင်ထံ မည်သူ ခစားခွင့်ရှိသည်ကို ဆုံးဖြတ်ပေးနိုင်သည်။

နေဟမိသည် ထိုတာဝန်မျိုးရရှိထားခြင်းကြောင့် မြို့ရိုးပြန်ဆောက်ရန် ဂျေရုဆလင်သို့ ပြန်ခွင့်ပြုပါဟူသော သူ၏တောင်းဆိုချက်ကို ဘုရင်က ရှောရှောရှူရှူ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ နေဟမိသည် ဘုရင်အတွက် အလွန်အရေးပါသူ ဖြစ်ခဲ့ရပေမည်။ The Anchor Bible Dictionary ဟူသောအဘိဓာန်တွင် ဤသို့ဖော်ပြထား၏– “ဘုရင်သည် ‘အဘယ်ကာလမှ ပြန်လာမည်နည်း’ ဟုသာ ပြန်မေးတော်မူ၏။”—နေဟမိ ၂:၁-၆

[စာမျက်နှာ ၉ ပါဇယားနှင့်ရုပ်ပုံ]

ပါးရှန်းနန်းတော်တည်ရှိရာ ပါဆဲပလစ္စမြို့မှ ရုပ်ကြွ

[ဇယား]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

စပျစ်ဝိုင်ဆက်သသူ

ဇခ်စိဇ် အိမ်ရှေ့မင်းသား

မဟာဒါရိ မင်းကြီး

[Credit Line]

© The Bridgeman Art Library International