မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာမကျန်းဖြစ်နေသော မိတ်ဆွေကို ကူညီပေးနိုင်ပုံ

နာမကျန်းဖြစ်နေသော မိတ်ဆွေကို ကူညီပေးနိုင်ပုံ

နာမကျန်းဖြစ်နေသော မိတ်ဆွေကို ကူညီပေးနိုင်ပုံ

အသည်းအသန် နာမကျန်းဖြစ်နေသော မိတ်ဆွေတစ်ဦးနှင့် သင် စကားပြောဆိုသည့်အခါ ဘာပြောရမှန်းမသိ ဖြစ်ဖူးပါသလော။ ထိုသို့သောအခက်အခဲကို သင် ကြုံဖူးမည်မှာ သေချာပါသည်။ မည်သို့အားဖြင့်နည်း။ စည်းမျဉ်း အတိအကျ သတ်မှတ်ထားခြင်းတော့ မရှိပေ။ ယဉ်ကျေးမှုများလည်း တစ်ခုနှင့်တစ်ခု မတူညီကြချေ။ ထို့ပြင် လူတို့၏စရိုက်များလည်း အလွန်ကွာခြားပေမည်။ သို့ဖြစ်၍ နာမကျန်းဖြစ်နေသူတစ်ဦးအတွက် အထောက်အကူဖြစ်သောအရာသည် နောက်တစ်ဦးအတွက် အထောက်အကူဖြစ်ချင်မှဖြစ်မည်။ အခြေအနေများနှင့် ခံစားချက်များကလည်း တစ်ရက်နှင့်တစ်ရက် မတူဘဲ ပြောင်းသွားနိုင်သည်။

ထို့ကြောင့် အရေးကြီးဆုံးအရာမှာ သင်သည် နာမကျန်းဖြစ်နေသူကို ကိုယ်ချင်းစာကြည့်ပြီး သင့်ထံမှ သူတကယ် လိုချင်ရာနှင့်လိုအပ်ရာကို သိအောင်လုပ်ခြင်းဖြစ်သည်။ ယင်းကို သင် မည်သို့လုပ်ဆောင်နိုင်သနည်း။ ဤတွင် ကျမ်းစာမူများကို အခြေခံထားသည့် အကြံပြုချက်တချို့ကို ဖော်ပြထားပါသည်။

ကောင်းစွာ နားထောင်တတ်သူဖြစ်ပါ

ကျမ်းစာမူများ–

‘လူတိုင်းသည် နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်း၌ နှေးရမည်။’ယာကုပ် ၁:၁၉

“တိတ်ဆိတ်စွာ နေရသောအချိန်နှင့် စကားပြောရသောအချိန်လည်း ရှိ၏။”ဒေ. ၃:၁၊

▪ နာမကျန်းဖြစ်နေသူ မိတ်ဆွေတစ်ဦးထံ လည်ပတ်သောအခါ သူ့စကားကို အာရုံစိုက်၍ စာနာစိတ်ဖြင့် နားထောင်ပေးပါ။ သူ့ကို ချက်ချင်း အကြံမပေးပါနှင့်။ သို့မဟုတ် ကုသနည်းနှင့်ပတ်သက်၍ အကြံဉာဏ်ကောင်းများ ပေးရမည်ဟု မယူဆပါနှင့်။ ထိုသို့ပြောလိုဇောဖြင့် ပြောလိုက်ပါက သူ့ကို မရည်ရွယ်ဘဲ စိတ်ထိခိုက်သွားစေနိုင်ပါသည်။ နာမကျန်းဖြစ်နေသူသည် ကုသနည်းကို မသိလိုဘဲ သူ့စကားကို အရေးတယူထား၍ နားထောင်ပေးတတ်သူကိုသာ အလိုရှိ၏။

သင့်မိတ်ဆွေအား လွတ်လွတ်လပ်လပ် စကားပြောဆိုစေပါ။ သူစကားပြောသည့်အခါ ဝင်မဖြတ်ပါနှင့်။ သူ့ရောဂါကို အသေးအဖွဲဖြစ်အောင် မလုပ်ပါနှင့်။ “ကျွန်တော့်မှာ ဦးနှောက်အမြှေးရောင်ရောဂါ ရှိနေတဲ့အတွက် မျက်စိကွယ်သွားတယ်။ တစ်ခါတလေ ကျွန်တော် အရမ်းစိတ်ဓာတ်ကျတယ်။ ကျွန်တော့်မိတ်ဆွေတွေက ‘ခင်ဗျားတစ်ယောက်တည်း ဒီရောဂါဖြစ်နေတာ မဟုတ်ပါဘူး။ ဒီထက်ဆိုးတဲ့သူတွေ အများကြီးပဲ’ လို့ပြောပြီး ကျွန်တော့်ကို ကြိုးစားနှစ်သိမ့်ပေးကြတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ရောဂါကို သိပ်စိုးရိမ်စရာမလိုပါဘူးလို့ပြောတာက ကျွန်တော့်အတွက် အားပေးမှုမဖြစ်တဲ့အပြင် ပိုလို့တောင် စိတ်ဓာတ်ကျစေတယ်” ဟုအီမေလ်ယို *က ပြောသည်။

သင့်မိတ်ဆွေအား ဝေဖန်ခံရမည်ကို စိုးရိမ်စရာမလိုဘဲ ရင်ဖွင့်ခိုင်းပါ။ သူစိုးရိမ်နေကြောင်း ပြောလာပါက မစိုးရိမ်နှင့်ဟု ပြောမည့်အစား သူ့ခံစားချက်ကို အသိအမှတ်ပြုပေးပါ။ “ကျွန်မရဲ့ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်လာတဲ့အခါ ငိုချပစ်လိုက်တယ်။ အဲဒါက ဘုရားသခင်ကို ကျွန်မ မကိုးစားဘူးဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး” ဟုကင်ဆာရောဂါ ခံစားနေရသူ အီလီအာနာက ပြောသည်။ သင့်မိတ်ဆွေကို အရှိအတိုင်း ရှုမြင်ဖို့ ကြိုးစားပါ။ သူ့ကို သင်ဖြစ်စေလိုသည့်အတိုင်း မမျှော်လင့်ပါနှင့်။ ယခုအချိန်တွင် သူသည် သင့်စကားကြောင့် စိတ်ထိခိုက်လွယ်ကာ ခါတိုင်းကဲ့သို့ သင့်ကို ပြုမူဆက်ဆံမည်မဟုတ်ကြောင်း သတိရပါ။ ထို့ကြောင့် စိတ်ရှည်ပါ။ ပြောနေကျစကားကို ထပ်ခါတလဲလဲ သူပြောဆိုနေသည့်တိုင် နားထောင်ပေးပါ။ (၃ ဓမ္မရာဇဝင် ၁၉:၉၊ ၁၀၊ ၁၃၊ ၁၄) သူသည် မိမိခံစားနေရသည်များကို သင့်အား ပြောပြဖို့လိုသည်ဟု ယူဆပေမည်။

ထောက်ထားစာနာပါ

ကျမ်းစာမူများ–

“ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့။”ရောမ ၁၂:၁၅

“သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”မဿဲ ၇:၁၂

▪ သင့်မိတ်ဆွေကို ကိုယ်ချင်းစာကြည့်ပါ။ သူသည် ခွဲစိတ်ခန်းဝင်ဖို့ ပြင်ဆင်နေသောအခါ၊ ဆေးကုသမှုခံယူနေသောအခါ၊ ဆေးစစ်ချက်ကို စောင့်ဆိုင်းနေသောအခါ စိုးရိမ်ကြောင့်ကြနေပေမည်။ ယင်းကို အသိအမှတ်ပြုပြီး ရုတ်ချည်းပြောင်းလဲသွားသော သူ၏စိတ်အခြေအနေနှင့် အလိုက်အထိုက်နေပေးရန် ကြိုးစားပါ။ ယခုအချိန်သည် မေးခွန်းများ တရစပ်မေးရမည့်အချိန်၊ အထူးသဖြင့် ပုဂ္ဂိုလ်ရေးနှင့်ဆိုင်သည့် မေးခွန်များ မေးရမည့်အချိန် မဟုတ်ပါ။

“လူနာတွေကို သူတို့ရဲ့ရောဂါအကြောင်း သူတို့ပြောချင်တဲ့အခါမှာ ပြောချင်သလောက် ပြောခွင့်ပြုပါ။ သူတို့စကားပြောချင်တဲ့အချိန်မှာ ဘာအကြောင်းကိုပဲပြောပြော လိုက်ပြောပေးပါ။ ဒါပေမဲ့ သူတို့စကားပြောချင်တဲ့စိတ် မရှိဘူးဆိုရင် သူတို့အနားမှာ တိတ်တိတ်လေး ထိုင်နေပါ။ ခြေဆုပ်လက်နယ်လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ သူတို့အလိုအပ်ဆုံးက သူတို့နဲ့အတူ လိုက်ငိုပေးဖို့ပဲ” ဟုစိတ်ပညာရှင်ဖြစ်သူ အန်းနာ ကာတာလီဖော့ဇ်က ဆိုသည်။

သင့်မိတ်ဆွေ၏ အေးအေးဆေးဆေးနေလိုမှုကို လေးစားပါ။ ဒုတိယအကြိမ် ကင်ဆာရောဂါခံစားခဲ့ရသူ စာရေးဆရာ ရိုစဲန် ခါလိခ်က ဤသို့ရေးသားခဲ့သည်– “နှစ်နားကြားပြောသည့်စကားကို တစ်ဆင့်ဖောက်သည်မချခြင်းက လူနာအား ကူညီပေးရာရောက်သည်။ သင်သည် လူနာ၏မိသားစုကိုယ်စား ပြောရမည့်သူမဟုတ်လျှင် သတင်းမပေါက်ကြားပါစေနှင့်။ လူနာပြောပြစေချင်သည့်အရာများ ရှိမရှိ သူ့ကိုမေးမြန်းပါ။” ကင်ဆာရောဂါဖြစ်ခဲ့ဖူးသူ အက်ဒ်စဲန်က ဤသို့ပြောသည်– “ကျွန်တော့်မှာ ကင်ဆာရောဂါရှိနေပြီ။ ဒါကြောင့် ကျွန်တော် နေရတော့မှာမဟုတ်ဘူးဆိုပြီး မိတ်ဆွေတစ်ယောက်က ကြေညာမောင်းခတ်လိုက်တယ်။ ကျွန်တော် ခွဲစိတ်ကုသမှု လုပ်ထားတယ်။ ကျွန်တော့်မှာ ကင်ဆာရှိတာ မှန်ပေမဲ့ ဓာတ်ခွဲစမ်းသပ်ခန်းက အဖြေကို စောင့်နေတယ်။ အဲဒီကင်ဆာက တခြားနေရာကို ပြန့်ပွားတဲ့ကင်ဆာ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ ပြန့်သွားတာကတော့ ကျွန်တော့်ရောဂါနဲ့ပတ်သက်တဲ့ မဟုတ်မမှန်စကားပဲ။ ကျွန်တော့်ဇနီးဆိုရင် တခြားသူတွေရဲ့ အဆင်အခြင်မဲ့တဲ့စကားတွေ၊ မေးခွန်းတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။”

သင်၏မိတ်ဆွေသည် မည်သို့ကုသရမည်ကို စဉ်းစားချင့်ချိန်နေပါက သူ့နေရာမှာသာဆိုလျှင် သင်ဘာလုပ်လိုက်မည်ဟု အလျင်စလိုမပြောပါနှင့်။ ကင်ဆာဖြစ်ခဲ့ဖူးသူ စာရေးဆရာ လိုရီ ဟုပ်က ဤသို့ဆိုသည်– “ကင်ဆာရောဂါခံစားနေရသူ ဒါမှမဟုတ် ကင်ဆာဖြစ်ခဲ့ဖူးသူတွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ သတင်းတွေ မပို့ခင်မှာ လက်ခံချင်သလားဆိုပြီး သင့်မိတ်ဆွေကို အရင်မေးကြည့်တာ ကောင်းတယ်။ ကိုယ်က စေတနာနဲ့ ကူညီပေးပေမဲ့ သူ့အတွက် ဝေဒနာဖြစ်သွားနိုင်တယ်ဆိုတာကို ကြိုမသိနိုင်ဘူး။” မည်သည့်ဆေးက ကောင်းသည်၊ မည်သည့်ဆရာဝန်ထံ သွားပြပါ၊ မည်သည့်ဆေးခန်းမှာ သွားကုလျှင် ကောင်းသည်ဟူ၍ တစ်ယောက်တစ်ပေါက် လာပြောနေသည်ကို မည်သူမျှ မခံနိုင်ပေ။

သင်သည် ရင်းနှီးသောမိတ်ဆွေတစ်ဦး ဖြစ်သည့်တိုင် လည်ပတ်ချိန် မကြာစေပါနှင့်။ လူနာထံလည်ပတ်ရန် အလွန်အရေးကြီးသော်လည်း သင့်မိတ်ဆွေသည် သင်နှင့်စကားပြောလိုစိတ် ရှိမည်မဟုတ်။ သူသည် ပင်ပန်းနွမ်းနယ်နေမည်ဖြစ်ကာ စကားပြောရန်၊ ကြာကြာနားထောင်ရန်ပင် ခွန်အားရှိမည်မဟုတ်။ သို့သော် သင်ကလည်း ရောက်သည်နှင့် ချက်ချင်း ထပြန်တော့မည်ပုံစံမျိုး မပြပါနှင့်။ သင့်မိတ်ဆွေကို သင် အလွန်ဂရုစိုက်ကြောင်း သိမြင်စေသင့်သည်။

ထောက်ထားစာနာမှုပြရာတွင် မျှတမှုနှင့် ချင့်ချိန်မှုကောင်း လိုအပ်သည်။ ဥပမာ၊ နာမကျန်းဖြစ်နေသည့် မိတ်ဆွေအတွက် အစားအသောက် မပြင်ဆင်ပေးမီ သူနှင့် တည့်မတည့် အရင်မေးကြည့်နိုင်ပါသည်။ သင်သည် အအေးမိနေသည်၊ ချောင်းဆိုးနေသည်ဆိုလျှင် သင့်မိတ်ဆွေထံ မလည်ပတ်ခြင်းက အကောင်းဆုံးဖြစ်သည်။

တည်ဆောက်မှုဖြစ်စေပါ

ကျမ်းစာမူများ–

“ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။” သု. ၁၂:၁၈

“သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ အစဉ် နှစ်လို့ဖွယ် ဖြစ်ပါစေ။”ကောလောသဲ ၄:၆

▪ နာမကျန်းဖြစ်နေသည့် မိတ်ဆွေအပေါ် အပြုသဘောထားရှိမရှိ သင့်ပြုမူပြောဆိုပုံက ဖော်ပြပေလိမ့်မည်။ သင့်မိတ်ဆွေသည် ယခင်ကအတိုင်းဖြစ်ပြီး သင်နှစ်သက်သည့် အရည်အသွေးများရှိနေဆဲပင်ဖြစ်ကြောင်း ယူမှတ်ပါ။ ထို့နောက် သူ၏ရောဂါအကြောင်း မပြောဘဲ သူ၏အရည်အသွေးများအကြောင်း ပြောပြပါ။ သင့်မိတ်ဆွေနှင့်စကားပြောသည့်အခါ အသုံးမကျသူတစ်ဦးကို ပြောနေသည့်အလား ပြောဆိုပါက သူ့ကိုယ်သူ ထိုသို့ရှုမြင်ခံစားသွားပေမည်။ မျိုးရိုးလိုက်သည့် အရိုးရောဂါခံစားနေရသူ ရိုဘာတာက ဤသို့ပြောသည်– “ကျွန်မကို သာမန်လိုပဲ ဆက်ဆံစေချင်တယ်။ ကျွန်မ ဒုက္ခိတဖြစ်နေပေမဲ့ ကိုယ်ပိုင်ယူဆချက်တွေ၊ ကိုယ်ပိုင်လိုအင်ဆန္ဒတွေ ရှိပါတယ်။ ကျွန်မကို သနားကမားပုံစံနဲ့ မကြည့်စေချင်ဘူး။ ထုံထိုင်းနေတဲ့သူတစ်ယောက်လို စကားမပြောစေချင်ဘူး။”

သင်ပြောဆိုသည့်စကားအပြင် ပြောပုံဆိုပုံလည်း အရေးကြီးကြောင်း သတိရပါ။ သင့်လေသံပင် အကျိုးသက်ရောက်မှုရှိနိုင်သည်။ အားနက်စ်ထူးသည် မိမိတွင် ကင်ဆာရောဂါရှိကြောင်း စစ်ဆေးသိရှိရပြီးနောက် မကြာမီမှာပင် အခြားနိုင်ငံမှ မိတ်ဆွေတစ်ဦးက “မင်းမှာ ကင်ဆာရှိနေပြီဆိုတာ ငါ မယုံနိုင်ဘူးကွာ” ဟုသူ့ထံ ဖုန်းဆက်ကာ ပြောသည်။ အားနက်စ်ထူးက ဤသို့ပြန်ပြောပြသည်– “သူ့ရဲ့လေသံကြောင့် ကျွန်တော် ထိတ်လန့်သွားတယ်။”

စာရေးဆရာ လိုရီ ဟုပ်က နောက်ဥပမာတစ်ခု ပြောပြသည်– “‘နေကောင်းလား’ ဆိုတဲ့မေးခွန်းက လူနာတစ်ယောက်အတွက် အဓိပ္ပာယ်အမျိုးမျိုး ရှိနိုင်တယ်။ လူနာမေးတဲ့သူရဲ့ လေသံ၊ အမူအရာ၊ လူနာနဲ့ ဆက်နွှယ်ပတ်သက်မှု၊ ရင်းနှီးမှုအတိုင်းအတာ၊ အချိန်ကာလအပေါ်မူတည်ပြီး လူနာအတွက် နှစ်သိမ့်မှုဖြစ်စေနိုင်တယ် ဒါမှမဟုတ် စိတ်ထိခိုက်စေနိုင်တယ် ဒါမှမဟုတ် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေနိုင်တယ်။”

နာမကျန်းဖြစ်နေသည့် မိတ်ဆွေတစ်ဦးသည် ဂရုစိုက်မှု၊ နားလည်ပေးမှုနှင့် အလေးထားမှုတို့ကို ခံယူလိုပေမည်။ ထို့ကြောင့် သူသည် သင့်အတွက် အလွန်အရေးပါကြောင်း၊ သူ့ကို ကူညီပေးရန် အမြဲအသင့်ရှိကြောင်း စိတ်ချစေပါ။ ဦးနှောက်အကျိတ်ကင်ဆာ ခံစားနေရသည့် ရိုစီမာရီက ဤသို့ပြောသည်– “ကျွန်မဘာပဲဖြစ်လာပါစေ ကျွန်မကို သူတို့ ဆက်ချစ်နေမယ်၊ ဆက်ကူညီပေးနေမယ်ဆိုတဲ့ အပြောလေးတွေက ကျွန်မကို တကယ်ပဲ အားရှိစေတယ်။”—သု. ၁၅:၂၃; ၂၅:၁၁

အထောက်အကူဖြစ်စေပါ

ကျမ်းစာမူ–

“နှုတ်လျှာအားဖြင့်သာ မချစ်ဘဲ စိတ်ရောကိုယ်ပါ အမှန်ချစ်ကြစို့။”၁ ယောဟန် ၃:၁၈

▪ ရောဂါရှာဖွေစမ်းသပ်ချိန်မှစ၍ ကုသချိန်အထိ သင့်မိတ်ဆွေ၏ လိုအပ်ရာများသည် ပြောင်းလဲသွားပေမည်။ မည်သည့်အချိန်တွင်ဖြစ်စေ သူ အကူအညီလိုအပ်ပေမည်။ “တစ်ခုခုလိုအပ်ရင် ဖုန်းဆက်လိုက်” ဟုပြောမည့်အစား သတ်သတ်မှတ်မှတ် ကူညီပေးရန် ကြိုးစားပါ။ အစားအသောက် ပြင်ဆင်ပေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်း၊ အဝတ်လျှော်ပေးခြင်း၊ မီးပူထိုးပေးခြင်း၊ တောက်တိုမယ်ရလုပ်ပေးခြင်း၊ ဈေးဝယ်ပေးခြင်း၊ ဆေးခန်းအသွားအပြန် ကားမောင်းပေးခြင်းစသည်ဖြင့် လက်တွေ့ကျကျ လုပ်ဆောင်ပေးခြင်းက သူ့ကို သင် ဂရုစိုက်ကြောင်း ဖော်ပြရာရောက်ပေမည်။ သင်သည် အားကိုးရသူ၊ အချိန်လေးစားသူ ဖြစ်စေပါ။ ကတိတည်ပါ၊ ပြောသည့်အတိုင်း လုပ်ပေးပါ။—မဿဲ ၅:၃၇

“လူနာ ကျန်းမာရေးကောင်းတုန်းကလုပ်ခဲ့တဲ့ ကိစ္စတချို့ကို အခု သူ ကျန်းမာရေးမကောင်းတဲ့ အချိန်မှာလည်း သူ့အတွက် လုပ်ပေးနိုင်မယ်ဆိုရင် အကျိုးရှိမှာပဲ” ဟုစာရေးဆရာ ရိုစဲန် ခါလိခ်ကဆို၏။ ကင်ဆာရောဂါကို နှစ်ကြိမ် ခံစားခဲ့ရဖူးသူ စဲလ်ဗီယာကလည်း ဤသို့ထောက်ခံသည်– “တခြားမြို့မှာ ဓာတ်သွားကင်ဖို့ မိတ်ဆွေတစ်ယောက်မဟုတ် တစ်ယောက်က နေ့တိုင်း ကားမောင်းပေးတဲ့အတွက် စိတ်သက်သာမှုရရှိတယ်။ လမ်းမှာ စကားတွေ ဖောင်ဖွဲ့ပြောဆိုကြတယ်။ ဓာတ်ကင်ပြီးလို့ အိမ်ပြန်လာတိုင်း ကော်ဖီဆိုင်မှာ ဝင်နားကြတယ်။ အဲဒါက ကျွန်မကို ပုံမှန်ပြန်ဖြစ်စေတယ်။”

သို့သော် မိတ်ဆွေ၏လိုအပ်ရာများကို သင် အတိအကျ သိရှိသည်ဟု မယူဆလိုက်ပါနှင့်။ “မေးသာမေးပါ” ဟုခါလိခ်က အကြံပြုသည်။ သူက ဤသို့ဆက်ပြောသည်– “သင် ကူညီပေးလိုတဲ့အခါ အရာရာကို သင့်သဘောအတိုင်း မလုပ်ဆောင်ပါနဲ့။ နို့မဟုတ်ရင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်သွားလိမ့်မယ်။ လူနာကို ဘာမှပေးမလုပ်ရင် သူဟာ လူပိုတစ်ယောက်ပါလားဆိုပြီး ခံစားသွားလိမ့်မယ်။ တစ်ခုခု လုပ်နိုင်ကိုင်နိုင်သေးတယ်ဆိုတဲ့ ခံစားချက် သူ့မှာရှိဖို့လိုတယ်။ ဘာမှ မလုပ်နိုင်တဲ့ အသုံးမကျတဲ့သူတစ်ယောက်လိုမျိုး မခံစားသွားဖို့လိုတယ်။ သူလုပ်နိုင်တာတွေကို လုပ်နိုင်အောင် ကူညီပေးပါ။”

လုပ်နိုင်ကိုင်နိုင်သေးသည်ဟူသော ခံစားချက် သင့်မိတ်ဆွေ၌ ရှိဖို့လိုသည်။ အေ့ဒ်စ်ရောဂါခံစားနေရသူ အဒယ်လ်စဲန်က ဤသို့ပြောသည်– “နေထိုင်မကောင်းဖြစ်တဲ့အခါ အသုံးမကျတဲ့သူ၊ ဘာမှ မလုပ်နိုင်တဲ့သူဆိုပြီး လူတွေ ပ,ထုတ်တာကို မခံချင်ဘူး။ အသေးအဖွဲပဲဖြစ်ပါစေ တစ်ခုခုတော့ လုပ်ပေးချင်တယ်။ တစ်ခုခုကို လုပ်နိုင်ပါသေးတယ်ဆိုတဲ့ အသိစိတ်က လူနာကို ပျော်ရွှင်စေတယ်။ ဆက်ပြီး အသက်ရှင်ချင်စိတ်လည်း ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ကျွန်တော့်ကို ဆုံးဖြတ်ချက်ချခွင့်ပေးပြီး ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်တွေကို အလေးထားတာကို ကြိုက်တယ်။ နေထိုင်မကောင်းဖြစ်တာက ကိုယ့်ရဲ့တာဝန်၀တ္တရားတွေကို မလုပ်ဆောင်နိုင်တော့ဘူးဆိုတဲ့ သဘောမသက်ရောက်ပါဘူး။”

ဆက်၍ရင်းနှီးနေပါ

ကျမ်းစာမူ–

‘မိတ်ဆွေသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဆင်းရဲခက်ခဲသည့်ကာလအဖို့ မွေးဖွားလျက်ရှိ၏။’သု. ၁၇:၁၇သမ္မာ။

▪ ခရီးဝေးသောကြောင့် သို့မဟုတ် အကြောင်းတစ်မျိုးမျိုးကြောင့် သင့်မိတ်ဆွေထံ မလည်ပတ်နိုင်ပါက ဖုန်းလှမ်းဆက်နိုင်သည် သို့မဟုတ် စာရေးနိုင်သည်။ အဘယ်အကြောင်း ရေးသားနိုင်သနည်း။ ဝမ်းနည်းပူဆွေးနေသူတို့ကို ကူညီပေးသည့် စိတ်ပညာရှင် အယ်လဲန် ဒီ. ဝုလ်ဖဲလ်က ဤသို့အကြံပြုသည်– “သင်တို့ အတူတူ မျှဝေခံစားခဲ့ရတဲ့ ပျော်စရာအချိန်လေးတွေကို ပြန်ပြောပြပါ။ မကြာမကြာ စာရေးမယ်လို့ ကတိပေးပါ။ ကတိအတိုင်း လုပ်ဆောင်ပါ။”

နာမကျန်းဖြစ်နေသူ မိတ်ဆွေကို အားပေးရန် မတွန့်ဆုတ်ပါနှင့်။ တစ်ခုခု ပြောမှားမည်၊ လုပ်မှားမည်ကိုလည်း မစိုးရိမ်ပါနှင့်။ သင့်မိတ်ဆွေထံ သင်ရောက်ရှိနေခြင်းက သူ့ကို သင် အမှန်တကယ် ကူညီပေးလိုကြောင်း သူသိရှိထားသည်။ လိုရီ ဟုပ်က ၎င်း၏စာအုပ်တွင် ဤသို့ဖော်ပြထားသည်– “ကျွန်မတို့ရဲ့ အပြုအမူ၊ အပြောအဆိုတွေက တစ်ဦးတစ်ယောက်ကို မရည်ရွယ်ဘဲ နားလည်မှုလွဲစေနိုင်တယ် ဒါမှမဟုတ် စိတ်ထိခိုက်စေနိုင်တယ်။ ဒါက ပြဿနာတော့ မဟုတ်ပါဘူး။ ပြောမှားလုပ်မှားမှာကို စိုးရိမ်ပြီး အကူအညီလိုနေတဲ့သူကို ရှောင်နေတာကမှ ပြဿနာဖြစ်စေနိုင်တယ်။”

အသည်းအသန် နာမကျန်းဖြစ်နေသော မိတ်ဆွေတစ်ဦးသည် သင့်အကူအညီကို ယခင်ကထက် ပို၍လိုအပ်ပေမည်။ “မိတ်ဆွေ” စစ်တစ်ဦးဖြစ်ကြောင်း သက်သေပြပါ။ သင် ချစ်မြတ်နိုးရသူတစ်ဦးကို ကြိုးစား၍ ကူညီပေးခြင်းက ၎င်း၏ဝေဒနာကို သက်သာစေမည်မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိတော့ ခံရပ်စေနိုင်ပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 နာမည်တချို့ကို ပြောင်းထားပါသည်။