မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ

ပထမရာစုခေတ်မှာစစ်ပွဲအပေါ်ထားတဲ့ ဘုရားသခင့်ရှုမြင်ချက်

ပထမရာစုခေတ်မှာစစ်ပွဲအပေါ်ထားတဲ့ ဘုရားသခင့်ရှုမြင်ချက်

လူတွေ မတရားဖိနှိပ်ချုပ်ချယ်ခံနေရတယ်။ သူတို့ရဲ့ ဘိုးဘေးတွေလိုပဲ ပထမရာစုခေတ်က ဂျူးလူမျိုးဟာ ရောမအင်ပါယာရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်ကနေ ကယ်လွှတ်ပေးဖို့ အကြိမ်ကြိမ် ဆုတောင်းခဲ့ကြမှာ သေချာတယ်။ အခု ယေရှုအကြောင်း သူတို့ကြားတယ်။ ယေရှုဟာ ဘုရားဘိသိက်ပေးထားတဲ့သူ တစ်နည်းအားဖြင့် ဘုရားခန့်အပ်ထားတဲ့ ဘုရင်ဖြစ်တယ်ဆိုတာ သက်သေပြမှာလား။ ရောမအင်ပါယာရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်ကနေ “ထိုသူ [ယေရှု] သည် အစ္စရေးလူမျိုးကို ကယ်နုတ် တော်မူမည့်အရှင် ဖြစ်လိမ့်မည်” လို့ သူတို့ “မျှော်လင့်ခဲ့ကြ” မှာ ကျိန်းသေတယ်။ (လုကာ ၂၄:၂၁) ဒါပေမဲ့ ဘာမှထူးခြားမလာဘူး။ အဲဒီအစား စီအီး ၇၀ မှာ ရောမစစ်တပ်က ဂျေရုဆလင်မြို့နဲ့ ဗိမာန်တော်ကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။

ဘယ်လိုဖြစ်သွားတာလဲ။ ရှေးခေတ်တုန်းကလို အစ္စရေးလူမျိုးအတွက် ဘုရားသခင် ဘာကြောင့် မတိုက်ခိုက်ပေးခဲ့တာလဲ။ ဖိနှိပ်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်ဖို့ သူတို့ကို ဘာကြောင့် စစ်တိုက်ခွင့် မပေးခဲ့တာလဲ။ စစ်ပွဲအပေါ်ထားတဲ့ ဘုရားသခင့်ရှုမြင်ချက် ပြောင်းလဲသွားလို့လား။ မဟုတ်ပါဘူး။ အဲဒီအစား အစ္စရေးလူမျိုးနဲ့ပတ်သက်ပြီး ဘုရားအမြင် အကြီးအကျယ် ပြောင်းလဲသွားလို့ဖြစ်တယ်။ ဘုရားသခင်ခန့်အပ်ထားတဲ့ဘုရင် သားတော်ယေရှုကို သူတို့ ငြင်းပယ်ခဲ့ကြတယ်။ (တမန်တော် ၂:၃၆) ဒါကြောင့် အစ္စရေးလူမျိုးဟာ ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး မရှိတော့ဘူး။—မဿဲ ၂၃:၃၇၊ ၃၈

အဲဒီအခါ အစ္စရေးလူမျိုးရဲ့နိုင်ငံနဲ့ ကတိထားရာပြည်တော်ကို ဘုရားသခင် ဆက်ကာကွယ်မပေးတော့ဘူး။ ဒါကြောင့် ဘုရားသခင် ကျောထောက်နောက်ခံပြုတဲ့၊ ဆင်နွှဲခွင့်ပေးတဲ့စစ်ပွဲကို သူတို့တိုက်ခိုက်ရတယ်လို့ ပြောပိုင်ခွင့် မရှိတော့ဘူး။ ယေရှုကြိုပြောခဲ့သလိုပဲ ဘုရားသခင်ဟာ ပကတိအစ္စရေးလူမျိုးကို ကောင်းချီးဆက်မပေးတော့ဘဲ ပုံဆောင်အစ္စရေးလူမျိုးကိုပဲ ကောင်းချီးပေးတော့မှာဖြစ်တယ်။ နောက်ပိုင်းမှာ ပုံဆောင်အစ္စရေးလူမျိုးကို “ဘုရားသခင်၏ အစ္စရေးလူမျိုး” လို့ ကျမ်းစာမှာခေါ်ဆိုထားတယ်။ (ဂလာတိ ၆:၁၆; မဿဲ ၂၁:၄၃) ဘုရားသခင့် စွမ်းအားတော်နဲ့ ဘိသိက်ပေးထားတဲ့ ခရစ်ယာန်တွေကသာ ကိုယ်တော်ရဲ့ပုံဆောင်အစ္စရေးလူမျိုး ဖြစ်သွားပါတယ်။ ပထမရာစုမှာ သူတို့နဲ့ပတ်သက်ပြီး ကျမ်းစာက အခုလိုပြောထားတယ်– ‘ယခုမူကား သင်တို့သည် ဘုရားသခင်၏လူမျိုးဖြစ်ကြ၏။’—၁ ပေတရု ၂:၉၊ ၁၀

အခု၊ ပထမရာစု ခရစ်ယာန်တွေဟာ “ဘုရားသခင်၏လူမျိုး” ဖြစ်သွားပြီဆိုတော့ ရောမဖိနှိပ်မှုအောက်ကနေလွတ်မြောက်ဖို့ သူတို့အတွက် ကိုယ်တော် တိုက်ခိုက်ပေးမှာလား။ ဒါမှမဟုတ် ဖိနှိပ်မှုအောက်ကနေလွတ်မြောက်ဖို့ သူတို့ကို စစ်တိုက်ခွင့်ပေးမှာလား။ ဘာတစ်ခုကိုမှ ဘုရားခွင့်မပြုခဲ့ပါဘူး။ ဘာကြောင့်လဲ။ ဘုရား ဆင်နွှဲခွင့်ပြုတဲ့ စစ်ပွဲတွေမှာတောင် ဘယ်အချိန်မှာ တိုက်ရမလဲဆိုတာကို ဘုရားသခင်တစ်ပါးတည်းသာ ဆုံးဖြတ်ပိုင်ခွင့်ရှိမှန်း ရှေ့ဆောင်းပါးမှာဆွေးနွေးခဲ့ပါတယ်။ ဘုရားသခင်က ပထမရာစုခရစ်ယာန်တွေအတွက် စစ်ဆင်နွှဲမပေးခဲ့သလို သူတို့ကိုလည်း စစ်တိုက်ခွင့် လုံးဝမပေးခဲ့ဘူး။ ဒါကြောင့် ပထမရာစုဟာ ဆိုးညစ်မှု၊ ဖိနှိပ်မှုတွေကို အဆုံးသတ်ပေးမယ့် ဘုရားသခင် သတ်မှတ်ထားချိန် မဟုတ်သေးပါဘူး။

ဆိုးညစ်မှု၊ ဖိနှိပ်မှုတွေကို ဘုရားသခင် အဆုံးတိုင်ပေးမယ့်အချိန်အထိ ကိုယ်တော်ရဲ့ ရှေးခေတ်ကျေးကျွန်တွေလို ပထမရာစုခရစ်ယာန်တွေ စောင့်ဆိုင်းနေရမှာဖြစ်တယ်။ တစ်ချိန်တည်းမှာ သူတို့သဘောနဲ့သူတို့ ရန်သူတွေကိုတိုက်ခိုက်ဖို့ ဘုရားသခင် အခွင့်မပေးခဲ့ပါဘူး။ အဲဒီအချက်ကိုလည်း ယေရှု ရှင်းရှင်းလင်းလင်း သွန်သင်ပေးခဲ့ပါတယ်။ ဥပမာ၊ ယေရှုက တပည့်တွေကို စစ်မတိုက်ဖို့ သွန်သင်ပေးတဲ့အပြင် “သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့” လို့လည်း ပြောခဲ့တယ်။ (မဿဲ ၅:၄၄) ပထမရာစုခေတ်က ဂျေရုဆလင်မြို့ကို ရောမစစ်တပ် တိုက်ခိုက်ဖျက်ဆီးပစ်မယ့်အချိန်အကြောင်း ယေရှုကြိုပြောတဲ့အခါမှာ မခုခံမတိုက်ခိုက်ဖို့၊ မြို့ပြင်ကိုထွက်ပြေးဖို့ တပည့်တွေကို ညွှန်ကြားခဲ့တဲ့အတိုင်း သူတို့ထွက်ပြေးခဲ့တယ်။—လုကာ ၂၁:၂၀၊ ၂၁

တမန်တော်ပေါလုလည်း ဘုရားသခင့်လမ်းညွှန်မှုနဲ့ အခုလိုရေးခဲ့ပါတယ်– “ကိုယ်တိုင်လက်စားမချေကြနှင့်။ ... လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါဘုရားမိန့်တော်မူ၏။” (ရောမ ၁၂:၁၉) ဝတ်ပြုရာကျမ်း ၁၉:၁၈၊ တရားဟောရာကျမ်း ၃၂:၃၅ မှာပါတဲ့ ဘုရားသခင့်မိန့်မှာချက်ကို ပေါလုကိုးကားခဲ့တာဖြစ်တယ်။ ရှေးခေတ်မှာ မိမိလူမျိုးအတွက် ဘုရားသခင် လက်စားချေပေးတဲ့နည်းတစ်နည်းက ရန်သူတွေကို သူတို့တိုက်ခိုက်တဲ့အခါ ကူညီပေးတာဖြစ်တယ်လို့ ရှေးဆောင်းပါးမှာ ဆွေးနွေးခဲ့တယ်။ ဒါကြောင့် စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဘုရားရှုမြင်ချက် မပြောင်းလဲမှန်း ပေါလုစကားက ဖော်ပြတယ်။ ပထမရာစုခေတ်မှာ ဘုရားသခင်က စစ်ပွဲတွေကို မိမိလူမျိုးအတွက် လက်စားချေပေးတဲ့နည်းအဖြစ်၊ ဆိုးညစ်မှု၊ ဖိနှိပ်မှုအမျိုးမျိုးကို အဆုံးတိုင်စေတဲ့နည်းအဖြစ် ရှုမြင်ဆဲပါ။ ရှေးခေတ်မှာလိုပဲ ဘယ်အချိန်မှာ စစ်ဆင်နွှဲရမလဲ၊ စစ်ပွဲမှာ ဘယ်သူတွေ ပါဝင်တိုက်ခိုက်ရမလဲဆိုတာကို ဘုရားသခင်တစ်ပါးတည်းသာ ဆုံးဖြတ်ခဲ့တယ်။

ဘုရားသခင်ဟာ ပထမရာစုခရစ်ယာန်တွေကို စစ်တိုက်ခွင့်မပေးခဲ့ဘူး။ ဒါဆို ဒီနေ့ခေတ်မှာကော။ အုပ်စုတစ်စုကို စစ်ပွဲတွေမှာပါဝင်တိုက်ခိုက်ဖို့ အခွင့်ပေးထားသလား။ ဒါမှမဟုတ် အခုအချိန်ဟာ မိမိလူမျိုးအတွက် ဘုရားသခင် တိုက်ခိုက်ပေးမယ့်အချိန်လား။ ဒီနေ့ခေတ်မှာရော စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ။ ဒီမေးခွန်းတွေကို နောက်ဆောင်းပါးက ဖြေဆိုပေးသွားပါလိမ့်မယ်။