မာတိကာဆီ ကျော်သွား

ကနေဒါနိုင်ငံ၊ နုနဗွတ်နယ်မြေ၊ ဘတ်ဖင်းကျွန်းပေါ်က အီခါလဝစ်မြို့လေး

ဧပြီ ၁၇၊ ၂၀၂၀
ကနေဒါ

၂၀၂၀ အောက်မေ့ရာပွဲ—ကနေဒါ

ကမ္ဘာ့ထိပ်ဖျားပိုင်းဒေသမှာ အောက်မေ့ရာပွဲ ကျင်းပခြင်း

၂၀၂၀ အောက်မေ့ရာပွဲ—ကနေဒါ

ကနေဒါနိုင်ငံ၊ အာတိတ်စက်ဝိုင်းဒေသက အီခါလဝစ်အသင်းတော်မှာရှိတဲ့ ကြေညာသူ ၂၇ ယောက်ဟာ အောက်မေ့ရာပွဲကို ဗီဒီယိုချိတ်ဆက်မှုနဲ့ ကြည့်ရှုခဲ့ကြတယ်။ ကျမ်းစာသင်သား ၅၅ ယောက်အနက် ၁၂ ယောက် တက်ရောက်နိုင်တဲ့အတွက် အလွန် ပျော်ရွှင်ကြတယ်။

သင်သားအများစုအတွက် အောက်မေ့ရာပွဲကို လူကိုယ်တိုင် လာတက်ဖို့ သိပ်ခက်တယ်။ အသင်းတော်နယ်မြေနဲ့ အလွန်ဝေးခေါင်တဲ့နေရာမှာ သူတို့ နေထိုင်ကြလို့ပါ။ ကနေဒါမြောက်ဖျားပိုင်း ကမ်မရာ့ကနေ ဂရိုက်စ်ဖီရော့ဒ်အထိ စတုရန်းကီလိုမီတာ နှစ်သန်းနီးပါး ကျယ်ပြောတဲ့နယ်မြေ ဖြစ်တယ်။

“ဒီနှစ်မှာ ပထမဆုံးအကြိမ်အနေနဲ့ ကျမ်းစာသင်သားတွေ အောက်မေ့ရာပွဲအစီအစဉ်မှာ ပါဝင်ဖို့ စီစဉ်နိုင်ခဲ့တယ်။ ဂရိုက်စ်ဖီရော့ဒ်မှာရှိတဲ့ ကျမ်းစာသင်သားက နောက်ထပ်လေးယောက်ကို ဖိတ်ခေါ်တဲ့အတွက် ကမ္ဘာ့မြောက်ဖျားပိုင်းမှာ စုစုပေါင်း ငါးယောက် အောက်မေ့ရာပွဲမှာ ပါဝင်နိုင်ခဲ့တယ်” လို့ အီခါလဝစ်အသင်းတော် အကြီးအကဲ အိုင်းဇက် ဒီမီစတာ ပြောတယ်။

COVID-19 ကပ်ရောဂါကြောင့် မကြုံစဖူး အခြေအနေတွေ ကြုံလာတဲ့အခါ အီခါလဝစ်အသင်းတော်က ညီအစ်ကို/မ များစွာဟာ အလိုက်သင့် ပြုပြင်ပြောင်းလဲခြင်းရဲ့ အကျိုးကျေးဇူးကို သိမြင်လာတယ်။

ညီအစ်မ ကက်သီ ဘူရီချာအီလို ဒီလိုပြောတယ်- “အာတိတ်အရှေ့ပိုင်းက လူတွေဆီ ဖုန်းနဲ့ ဆက်သွယ်တယ်။ ကျွန်မတို့နယ်မြေရဲ့ ဝေးလံခေါင်သီတဲ့ဒေသက လူတွေနဲ့ ဆက်သွယ်ခွင့် ရခဲ့တယ်။ လူတွေ အိမ်တွင်း အောင်းနေရတဲ့အတွက် နှစ်သိမ့်မှု လိုနေကြတာ။”

“အီခါလဝစ်လို နေရာမျိုးမှာ အခုသီးခြားဖြစ်နေလို့ ပိုစိတ်သောက ရောက်ရတာပေါ့။ ကပ်ရောဂါကြောင့် ငွေကြေး ခက်ခဲတဲ့အပြင် ဘာတွေများ ဆက်ဖြစ်လာမလဲဆိုပြီး စိုးရိမ်နေရတာကိုး။ ကျွန်မတို့မိသားစု ပထမဆုံးအကြိမ် အောက်မေ့ရာပွဲအတွက် မုန့်လုပ်ကြတယ်။ ပျော်စရာကောင်းလိုက်တာ။ အောက်မေ့ရာပွဲ ရိုးရှင်းမှုကို ပိုလေးမြတ်တတ်လာတယ်။ ဒီလို လွယ်လွယ်ကူကူ၊ ရိုးရိုးရှင်းရှင်း ကျင်းပနိုင်တာ သိပ်ကောင်းတာပဲ” ဆိုပြီး ညီအစ်မ လော်ရော မက်ဂရီဂေါ် ပြောတယ်။

ညီအစ်ကို ဒီမီစတာက ဒီလိုပြောတယ်- “COVID-19 ကပ်ရောဂါက ကျွန်တော်တို့ကို အနေဝေးစေပေမဲ့ အောက်မေ့ရာပွဲကာလအတွင်း အသင်းတော်က ပိုလို့တောင် သံယောဇဉ်တွယ်လာတာ မြင်ရလို့ သိပ်ပျော်တယ်။ ဒီနှစ် အောက်မေ့ရာပွဲကတော့ မမေ့ရက်နိုင်စရာပဲ။”

အီခါလဝစ်အသင်းတော်က မကြာခင် အခြေအနေခွင့်ပြုခဲ့ရင် ကိုယ်ပိုင် ဝတ်ပြုရာခန်းမတစ်လုံး ဆောက်ဖို့ ရည်ရွယ်ထားတယ်။ လောလောဆယ် ကမ္ဘာမြေအစွန်အဖျား ကနေဒါရဲ့ မြောက်ဖျားပိုင်းဒေသမှာ သတင်းကောင်း ထက်သန်စွာ ဟောပြောနေတာကို ယေဟောဝါ ဆက်ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနေတယ်။—တမန်တော် ၁:၈