မာတိကာဆီ ကျော်သွား

ဧပြီ ၂၁၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၂၀ အောက်မေ့ရာပွဲ—JW.ORG

တရားဝင် ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုမှုနှုန်း မြင့်တက်

၂၀၂၀ အောက်မေ့ရာပွဲ—JW.ORG

COVID-19 ကပ်ရောဂါ ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနေချိန်မှာ ယေဟောဝါသက်သေတွေလည်း အောက်မေ့ရာပွဲရာသီမှာ အလုပ်များနေခဲ့ကြတယ်။ ကျမ်းစာကနေ နှစ်သိမ့်မှု ရယူဖို့၊ နောက်ဆုံးရ သတင်းတွေ ဖတ်ရှုဖို့ jw.org ဝက်ဘ်ဆိုက်ကို ဝင်ကြည့်သူတွေလည်း များလာတယ်။ မတ်လမှာ အရင်လထက် ဝင်ရောက်ကြည့်ရှုသူ ၅၀ ရာခိုင်နှုန်း တိုးလာပြီး ကျမ်းစာလေ့လာမှု တောင်းဆိုသူလည်း များလာတယ်။

ကပ်ရောဂါဆိုက်ချိန်ကစပြီး jw.org ကို ဝင်ကြည့်သူတွေ တစ်စစ များလာတယ်။ ဖေဖော်ဝါရီလမှာ တစ်ရက်ကို ဝင်ကြည့်သူ နှစ်သန်းနီးပါး ရှိတယ်။ ဒါက ပုံမှန်ပါပဲ။ မတ်လမှာတော့ တစ်ရက်ကို ဝင်ကြည့်သူ သုံးသန်းကျော်သွားတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နောက်ဆုံးရ အထူးသတင်း တင်တဲ့နေ့တွေဆိုရင် ဝင်ရောက်ကြည့်ရှုသူ လေးသန်းခွဲကျော် ရှိတယ်။ ၂၀၂၀၊ ဧပြီ ၇၊ အောက်မေ့ရာပွဲနေ့မှာတော့ နံနက်ဝတ်ပြုမှု အထူးအစီအစဉ်နဲ့ အောက်မေ့ရာပွဲ ဟောပြောချက်တွေကြောင့် ကြည့်ရှုသူ ခုနစ်သန်းကျော်သွားတယ်။

ဝင်ကြည့်သူ- ကပ်ရောဂါကာလအတွင်း jw.org ဝက်ဘ်ဆိုက် ဝင်ကြည့်သူ တိုးများလာ။ အောက်မေ့ရာပွဲနေ့မှာ ကြည့်ရှုမှုနှုန်း အများဆုံး ခုနစ်သန်းကျော်ရှိ

နယူးယောက်၊ ဝေါဝစ်၊ ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ်က MEPS ပရိုဂရမ် ရေးဆွဲတဲ့ ဌာနရဲ့ ကြီးကြပ်ရေးမှူး ညီအစ်ကို ကလိုက် မာတင် ဒီလိုပြောတယ်- “ဒီရာသီရောက်ရင် အောက်မေ့ရာပွဲ ကျင်းပတဲ့နေရာနဲ့ အချိန်ကို သိချင်လို့ jw.org ကို ဝင်ကြည့်လေ့ရှိကြတယ်။ ဒီနှစ်မှာတော့ စိတ်ဝင်စားသူတွေအနေနဲ့ ဒေသခံ အသင်းတော်နဲ့အတူ စုဆုံနိုင်မှာ မဟုတ်လို့ ၂၀၂၀ အထူးဟောပြောချက်နဲ့ အောက်မေ့ရာပွဲ ဟောပြောချက်ကို ဘာသာစကား ၅၀၀ ကျော် တင်ပေးထားတယ်။ ဒီအစီအစဉ်တွေကို လူသန်းနဲ့ချီ ဝင်ကြည့်ကြတယ်၊ ဒေါင်းလုတ်ဆွဲကြတယ်။ ကပ်ရောဂါကာလအတွင်း ဝင်ကြည့်သူ တိုးများလာတဲ့အချက်က jw.org ဝက်ဘ်ဆိုက်ဟာ ယေဟောဝါသက်သေတွေကိုသာမက လူ့အသိုင်းအဝိုင်းကိုပါ နှစ်သိမ့်မှု၊ လမ်းညွှန်မှု အများကြီးပေးနေမှန်း သိစေတယ်။

ဒေါင်းလုတ်ဆွဲသူ- အထူးဟောပြောချက် (လိမ္မော်ရောင်) နဲ့ အောက်မေ့ရာပွဲ ဟောပြောချက် (အပြာရောင်) ဒေါင်းလုတ်ဆွဲသူ အရေအတွက်

ဝက်ဘ်ဆိုက် ဝင်ကြည့်သူအများစုက စိုးရိမ်ပူပန်မှုနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေ၊ ကျန်းမာရေး ဂရုစိုက်နိုင်ပုံအကြောင်းတွေကို ရှာဖတ်ကြတယ်။ ကျမ်းစာအကြောင်းအရာတွေဆိုရင် နောက်ဆုံးကာလရဲ့ နိမိတ်အကြောင်း၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၆ မှာပါတဲ့ မြင်းစီးသူရဲလေးဦးအကြောင်း ရှာဖတ်သူ များတာ တွေ့ရတယ်။

စိတ်ဝင်စားစရာတစ်ခုက အွန်လိုင်းကနေ ကျမ်းစာလေ့လာမှု တောင်းဆိုသူအရေအတွက် များလာတယ်။ ပုံမှန်အားဖြင့် တစ်ရက်ကို တောင်းဆိုသူ ၂၅၀ လောက် ရှိတယ်။ မတ်လအတွင်း ၄၀ ရာခိုင်နှုန်း တိုးများလာတဲ့အတွက် တစ်ရက်ကို လူ ၃၅၀ နီးပါး၊ တစ်လအတွင်း ၁၁,၀၀၀ နီးပါး တောင်းဆိုကြတယ်။ အောက်မေ့ရာပွဲနေ့နဲ့ နောက်တစ်ရက်အတွင်းမှာ jw.org ကနေ ကျမ်းစာလေ့လာမှု တောင်းဆိုသူ ၁,၀၀၀ ကျော်တယ်။

ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်လို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၅:၃) အခုလို ကပ်ဘေးဆိုက်နေချိန်မှာ လူအတော်များများ ယေဟောဝါနဲ့ အဖွဲ့အစည်းဆီ လှည့်လာပြီး နှစ်သိမ့်မှု၊ အကူအညီ ရှာယူကြလို့ ဝမ်းသာပါတယ်။—၂ ကောရိန္သု ၁:၃၊ ၄