မာတိကာဆီ ကျော်သွား

ကျမ်းစာထဲမှာ နှစ်သိမ့်စကားတွေ ရှိလား

ကျမ်းစာထဲမှာ နှစ်သိမ့်စကားတွေ ရှိလား

ကျမ်းစာအဖြေ

 ကျမ်းစာထဲမှာ နှစ်သိမ့်စကားတွေ ပါတယ်။ (ရောမ ၁၅:၄) ခက်ခဲတဲ့ အခြေအနေ ကြုံရသူတွေ၊ စိတ်ဒုက္ခ ရောက်နေသူတွေကို နှစ်သိမ့်ပေးတဲ့ ကျမ်းချက်တချို့ကို သုံးသပ်ကြည့်ကြရအောင်။

ဒီဆောင်းပါးမှာ

 ဒုက္ခရောက်ခြင်း

 ဆာလံ ၂၃:၄ “မှောင်မိုက်တဲ့ ချိုင့်ဝှမ်းထဲ လျှောက်ရပေမဲ့ ကိုယ်တော် ရှိနေလို့ ဘာအန္တရာယ်မှ မကြောက်ဘူး။”

 အဓိပ္ပာယ်။ ဘုရားကို ဆုတောင်းပြီး လမ်းပြမှု ရဖို့ ကျမ်းစာ ညွှန်ကြားတာကို လုပ်တဲ့အခါ ဒုက္ခတွေကို မကြောက်မရွံ့ ရင်ဆိုင်ဖြေရှင်းနိုင်မယ်။

 ဖိလိပ္ပိ ၄:၁၃ “ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်” တယ်။

 အဓိပ္ပာယ်။ ဘာပြဿနာကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ဘုရားက အစွမ်းခွန်အား ပေးနိုင်တယ်။

 ချစ်ရသူ ဆုံးပါးသွားခြင်း

 ဒေသနာ ၉:၁၀ ‘သင်္ချိုင်းမှာ အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိဘူး။’

 အဓိပ္ပာယ်။ ကွယ်လွန်သူတွေဟာ ဆင်းရဲဒုက္ခ မခံရဘူး၊ ကျွန်တော်တို့ကို ဒုက္ခလည်း မပေးနိုင်ဘူး။ ဘာကိုမှ မသိတဲ့ အနေအထားမှာ ရှိကြတယ်။

 တမန်တော် ၂၄:၁၅ “ရှင်ပြန်ထမြောက်လာမယ်။”

 အဓိပ္ပာယ်။ ကျွန်တော်တို့ ချစ်ရတဲ့ ကွယ်လွန်သူတွေကို ဘုရား အသက်ပြန်ရှင်စေနိုင်တယ်။

 အပြစ်ကြီးတယ်လို့ ခံစားနေရခြင်း

 ဆာလံ ၈၆:၅ “အို ယေဟောဝါ၊ a ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ ဆုတောင်းသူ အားလုံးအပေါ် ခိုင်မြဲတဲ့ မေတ္တာတော် ကြီးမားလှပါတယ်။”

 အဓိပ္ပာယ်။ အရင်က အမှားတွေအတွက် တကယ် နောင်တရပြီး ပြန်မလုပ်မိအောင် စိတ်ဆုံးဖြတ်သူတွေကို ဘုရား ခွင့်လွှတ်တယ်။

 ဆာလံ ၁၀၃:၁၂ “နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို အပြစ်တွေကို ငါတို့နဲ့ အလှမ်းဝေးစေတယ်။”

 အဓိပ္ပာယ်။ ဘုရား ခွင့်လွှတ်တဲ့အခါ ကျွန်တော်တို့ရဲ့ အပြစ်တွေကို အဝေးကြီးမှာ ထားပေးတယ်။ ကျွန်တော်တို့ကို ပြစ်တင်ဝေဖန်ဖို့၊ ဒဏ်ပေးဖို့ အဲဒီအပြစ်တွေကို ပြန်မဖော်ဘူး။

 ဝမ်းနည်းခြင်း

 ဆာလံ ၃၁:၇ “ကျွန်တော် ဒုက္ခရောက်နေတာကို ကိုယ်တော် မြင်တယ်။ အကြီးအကျယ် သောကရောက်နေတာကို သိတယ်။”

 အဓိပ္ပာယ်။ ကျွန်တော်တို့ ခံစားနေရတဲ့ ဒုက္ခအားလုံးကို ဘုရား သိတယ်၊ မြင်တယ်။ ဘယ်လို ခံစားနေရတယ်ဆိုတာကို တခြားသူ မသိ၊ မမြင်ပေမဲ့ ဘုရား ကောင်းကောင်း သိတယ်။

 ဆာလံ ၃၄:၁၈ “ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။”

 အဓိပ္ပာယ်။ ဝမ်းနည်းနေတဲ့အခါ ကူညီထောက်မမယ်လို့ ဘုရား ကတိပေးတယ်။ ခံနိုင်ရည် ရှိဖို့ ခွန်အားပေးနိုင်တယ်။

 ဖျားနာခြင်း

 ဆာလံ ၄၁:၃ “သူ အိပ်ရာထဲ လဲနေချိန်မှာ ယေဟောဝါ ဖေးမပေးမယ်။”

 အဓိပ္ပာယ်။ ရောဂါဆိုး ခံစားရတဲ့အခါ ဘုရားက စိတ်ငြိမ်သက်မှု၊ ခွန်အား၊ ခံနိုင်ရည်နဲ့အတူ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ဉာဏ်ပညာ ပေးပြီး ကူညီနိုင်တယ်။

 ဟေရှာယ ၃၃:၂၄ “ပြည်သူပြည်သားတွေက “နေမကောင်းဘူး” လို့ မညည်းရတော့ဘူး။”

 အဓိပ္ပာယ်။ လူတိုင်း ဒေါင်ဒေါင်မြည် ကျန်းမာနေမယ့်အချိန် ရှိမယ်လို့ ဘုရား ကတိပေးထားတယ်။

 စိုးရိမ်ပူပန်နေခြင်း

 ဆာလံ ၉၄:၁၉ “စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။”

 အဓိပ္ပာယ်။ စိတ်ဖိစီးနေချိန်မှာ ဘုရားဆီ အကူအညီ တောင်းမယ်ဆိုရင် အေးဆေးတည်ငြိမ်နိုင်တယ်။

 ၁ ပေတရု ၅:၇ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”

 အဓိပ္ပာယ်။ ကျွန်တော်တို့ ခံနေရတဲ့ဒုက္ခတွေကို သိတယ်၊ ဂရုစိုက်တယ်။ ပြဿနာအခက်အခဲတွေ ဆုတောင်းပြီး ဘုရားအပေါ် ပုံအပ်စေချင်တယ်။

 စစ်ပွဲ

 ဆာလံ ၄၆:၉ “ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။”

 အဓိပ္ပာယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်က စစ်မှုအားလုံးကို မကြာခင် ဖယ်ရှားပစ်တော့မယ်။

 ဆာလံ ၃၇:၁၁၊ ၂၉ “စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။ . . . ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”

 အဓိပ္ပာယ်။ လူကောင်းတွေ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာမြေကြီးပေါ်မှာ ထာဝစဉ် နေထိုင်ရလိမ့်မယ်။

 အနာဂတ်အတွက် စိုးရိမ်ခြင်း

 ယေရမိ ၂၉:၁၁ “ယေဟောဝါ ပြောတာက- ‘မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့ မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။”

 အဓိပ္ပာယ်။ တကယ် ဝမ်းသာအားရစရာ အနာဂတ် ရောက်တော့မယ်လို့ ဘုရား ကတိပြုထားတယ်။

 ဗျာဒိတ် ၂၁:၄ “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က ဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”

 အဓိပ္ပာယ်။ အခုမြင်နေရ၊ ကြုံတွေ့နေရတဲ့ မကောင်းတာအားလုံးကို ဘုရား ဖယ်ရှားပစ်မယ်လို့ ကတိပေးထားတယ်။

a ယေဟောဝါဆိုတာ ကျမ်းစာမှာ ပါတဲ့ ဘုရားသခင်ရဲ့ နာမည် ဖြစ်ပါတယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။