မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျေးဇူးတင်စွာလက်ခံ စိတ်နှလုံးအကြွင်းမဲ့ပေးကမ်း

ကျေးဇူးတင်စွာလက်ခံ စိတ်နှလုံးအကြွင်းမဲ့ပေးကမ်း

ကျေးဇူးတင်စွာလက်ခံ စိတ်နှလုံးအကြွင်းမဲ့ပေးကမ်း

မေတ္တာရှင်ကောင်းကင်ခမည်းတော်ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းကို စိတ်ဝင်စားတော်မူ၏။ ဘုရားသခင်သည် မိမိကျေးကျွန်အားလုံးကို အလွန်ဂရုစိုက်ကြောင်း နှုတ်မြွက်တော်၌ အာမခံထားသည်။ (၁ ပေ. ၅:၇) ယေဟောဝါ ဂရုစိုက်ကြောင်းဖော်ပြသည့်နည်းတစ်နည်းမှာ ကိုယ်တော်အားတည်ကြည်စွာဝတ်ပြုကိုးကွယ်ရန် အထောက်အကူအမျိုးမျိုး ပြင်ဆင်ပေးခြင်းဖြစ်သည်။ (ဟေရှာ. ၄၈:၁၇) အထူးသဖြင့် ကျွန်ုပ်တို့သည် စိတ်သောကဖြစ်စေသည့်ပြဿနာများနှင့်ကြုံရချိန်တွင် ယေဟောဝါသည် ကိုယ်တော်ပေးသည့်အကူအညီမှ အကျိုးရစေလိုတော်မူသည်။ မောရှေပညတ်က ဤအမှန်တရားကို ဖော်ပြသည်။

ပညတ်တရား၏အစီအစဉ်အောက်တွင် မိဘမဲ့ကလေး၊ မုဆိုးမနှင့် တစ်ပါးအမျိုးသားဧည့်သည်ကဲ့သို့သော “ဆင်းရဲသောသူ” တို့အတွက် ယေဟောဝါသည် မေတ္တာပါအကူအညီကိုစီစဉ်ပေးခဲ့သည်။ (ဝတ်. ၁၉:၉၊ ၁၀; တရား. ၁၄:၂၉) မိမိ၏ကျေးကျွန်တချို့သည် ဝတ်ပြုသူချင်းတို့ထံမှ အကူအညီလိုမည်ကို ကိုယ်တော်သိတော်မူသည်။ (ယာ. ၁:၂၇) ထို့ကြောင့် ယေဟောဝါ၏လှုံ့ဆော်မှုခံရသူတို့ထံမှ ပေးလှာသောအကူအညီကိုလက်ခံဖို့ ကိုယ်တော့်ကျေးကျွန်တစ်ဦးတစ်ယောက်မျှ တွန့်ဆုတ်စရာမလိုချေ။ သို့တိုင် အကူအညီကို လက်ခံသည့်အခါ စိတ်သဘောထားမှန်ကန်ဖို့လိုသည်။

တစ်ချိန်တည်းတွင် ဘုရားသခင့်လူမျိုးသည် ပေးကမ်းရန်အခွင့်အရေးလည်းရှိကြောင်း နှုတ်မြွက်တရားတော်က အလေးပေးဖော်ပြသည်။ ယေရုရှလင်ရှိဝတ်ပြုရာအိမ်တော်တွင် ယေရှုသတိပြုမိခဲ့သည့် “ဆင်းရဲသောမုဆိုးမ” ၏အဖြစ်အပျက်ကို ပြန်အမှတ်ရပါ။ (လု. ၂၁:၁-၄) ပညတ်တရားတွင်ဖော်ပြသည့်အတိုင်း မုဆိုးမများအတွက် ယေဟောဝါ၏မေတ္တာပါပြင်ဆင်ပေးမှုမှ သူအကျိုးခံစားရဖွယ်ရှိသည်။ သို့တိုင် သူသည်ဆင်းရဲသော်လည်း ခံယူသူတစ်ဦးအဖြစ်မဟုတ်ဘဲ ပေးကမ်းသူတစ်ဦးအဖြစ် ယင်းမုဆိုးမကိုသတိရကြသည်။ “ခံယူခြင်းထက်ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” ဟုယေရှုမိန့်တော်မူသကဲ့သို့ သူ၏ပေးကမ်းခြင်းစိတ်ဓာတ်ကြောင့် သူပျော်ရွှင်မည်ဖြစ်သည်။ (တ. ၂၀:၃၅) ယင်းအမှန်တရားစိတ်ထဲစွဲမှတ်လျက် သင်သည် “ပေးကမ်းခြင်းကို” မည်သို့ “ကျင့်ယူ” ပြီး အကျိုးဆက်အနေနှင့်ပျော်ရွှင်မှုကို သင်မည်သို့ရယူမည်နည်း။—လု. ၆:၃၈

‘ယေဟောဝါကို အဘယ်သို့ဆပ်ရမည်နည်း’

ဆာလံဆရာက ‘ငါ၌ယေဟောဝါပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း’ ဟူ၍စဉ်းစားခဲ့သည်။ (ဆာ. ၁၁၆:၁၂) အဘယ်ကျေးဇူးပြုခြင်းကို သူခံစားခဲ့ရသနည်း။ ယေဟောဝါသည် သူ့ကို ‘ဆင်းရဲဝေဒနာ’ ခံရချိန်အတွင်း ထောက်မခဲ့သည်။ ထို့ပြင် ယေဟောဝါသည် ‘[သူ့] အသက်ကို သေခြင်းမှကယ်လွှတ်’ ခဲ့သည်။ ယခု သူသည် ယေဟောဝါထံ တစ်နည်းနည်းဖြင့်ပြန် “ဆပ်” လိုခဲ့သည်။ ဆာလံဆရာအဘယ်အရာပြုလုပ်နိုင်သနည်း။ သူဤသို့ပြောခဲ့သည်– ‘ယေဟောဝါအား သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကိုဖြေမည်။’ (ဆာ. ၁၁၆:၃၊ ၄၊ ၈၊ ၁၀-၁၄) ယေဟောဝါထံ သူအလေးအနက်ကတိပြုခဲ့ရာအားလုံးကို စောင့်ထိန်းရန်နှင့် သူ့တာဝန်အားလုံးကို ကျေပွန်ရန် သန္နိဋ္ဌာန်ချခဲ့သည်။

သင်လည်းအလားတူပြုနိုင်သည်။ မည်သို့အားဖြင့်နည်း။ အသက်တာလမ်းစဉ်တွင် အချိန်တိုင်း ဘုရားသခင်၏ပညတ်များ၊ မူများနှင့်အညီ လျှောက်လှမ်းခြင်းအားဖြင့်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါ၏ဝတ်ပြုရေးသည် သင့်အသက်တာတွင် ဆက်၍အရေးအကြီးဆုံးအရာဖြစ်ကြောင်း၊ သင်ပြုလေသမျှ၌ ဘုရားသခင့်စွမ်းအားတော်၏လမ်းညွှန်မှုကို ခွင့်ပြုနေကြောင်းသေချာစေပါ။ (ဒေ. ၁၂:၁၃; ဂလ. ၅:၁၆-၁၈) အမှန်မှာ၊ သင့်အား ယေဟောဝါပြုလုပ်ပေးရာအားလုံးအတွက် သင်သည် ဘယ်တော့မျှအပြည့်အဝပြန်ဆပ်နိုင်မည်မဟုတ်။ သို့တိုင် ကိုယ်တော့်အမှုတော်တွင် သင်စိတ်နှလုံးအကြွင်းမဲ့ပေးဆက်နေသည်ကို တွေ့မြင်ရခြင်းက ‘ယေဟောဝါစိတ်ကိုရွှင်လန်းစေ’ သည်။ (သု. ၂၇:၁၁) ဤနည်းဖြင့် ယေဟောဝါအားရွှင်လန်းစေခြင်းသည် အခွင့်ထူးပါတကား။

အသင်းတော်ကောင်းကျိုးအတွက် လုပ်ဆောင်ပါ

သင်သည် ခရစ်ယာန်အသင်းတော်မှ နည်းလမ်းမျိုးစုံဖြင့် အကျိုးခံစားရကြောင်း လုံးဝသဘောတူပေမည်။ အသင်းတော်အားဖြင့် ယေဟောဝါသည် ဝိညာဉ်ရေးအစာအလျှံပယ်ပြင်ဆင်ပေးတော်မူသည်။ ဝတ်ပြုရေးအမှားများနှင့် ဝိညာဉ်ရေးမှောင်မိုက်မှ လွတ်မြောက်စေသည့်အမှန်တရားကို သင်ရရှိခဲ့သည်။ (ယော. ၈:၃၂) ‘တည်ကြည်ပြီးသတိပညာရှိသောကျွန်’ အားဖြင့်စီစဉ်ပေးသော အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် ခရိုင်စည်းဝေးကြီးများတွင် နာကျင်မှု၊ ဆင်းရဲခက်ခဲမှုမရှိတော့သည့် ကမ္ဘာ့ပရဒိသု၌ ထာဝရအသက်ရစေမည့်အသိပညာကို သင်ရရှိခဲ့သည်။ (မ. ၂၄:၄၅-၄၇) ဘုရားသခင့်အသင်းတော်မှတစ်ဆင့် သင်ရရှိခဲ့သည့်၊ ရရှိနေသည့်၊ ရရှိဦးမည့် အကျိုးကျေးဇူးအားလုံးကိုပင် သင်ရေတွက်နိုင်ပါသလော။ အသင်းတော်ကို သင်အဘယ်အရာပြန်ပေးဆပ်နိုင်သနည်း။

တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ခန္ဓာကိုယ်တစ်ခုလုံး၏ အဆစ်အပိုင်းများသည် လိုက်ဖက်စွာစေ့စပ်ပေါင်းစည်းလျက် ပူးပေါင်းဆောင်ရွက်ကြ၏။ ကိုယ်အင်္ဂါအသီးသီးတို့သည် လိုအပ်သလို လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်၍ ကြီးထွားလာစေ၏။” (ဧ. ၄:၁၅၊ ၁၆) ဤကျမ်းချက်သည် ဘိသိက်ပေးခြင်းခံရသောခရစ်ယာန်များနှင့် အဓိကသက်ဆိုင်သော်လည်း ယင်းတွင်ပါရှိသောမူသည် ယနေ့ခရစ်ယာန်အားလုံးနှင့်သက်ဆိုင်နိုင်သည်။ မှန်ပါသည်၊ အသင်းတော်ရှိအသင်းသားတိုင်းသည် အသင်းတော်၏ကောင်းကျိုးနှင့်တိုးတက်မှုအတွက် လုပ်ဆောင်နိုင်သည်။ အဘယ်နည်းများဖြင့်နည်း။

ကျွန်ုပ်တို့သည် အခြားသူတို့အတွက် အားပေးရာရင်းမြစ်နှင့်ဝိညာဉ်ရေးလန်းဆန်းစေသူဖြစ်ဖို့ အချိန်တိုင်း ကြိုးစားနိုင်သည်။ (ရော. ၁၄:၁၉) ယုံကြည်သူချင်းများနှင့်ဆက်ဆံရာတွင် ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးများကို ပြုစုပျိုးထောင်ခြင်းဖြင့် ‘ခန္ဓာကိုယ်တစ်ခုလုံးကြီးထွားလာစေ’ ရန် ကျွန်ုပ်တို့လည်းလုပ်ဆောင်နိုင်သည်။ (ဂလ. ၅:၂၂၊ ၂၃) ထို့ပြင် ကျွန်ုပ်တို့သည် “လူတိုင်းကို ကောင်းမှုပြုကြစို့။ အထူးသဖြင့် ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့ကို ကောင်းမှုပြုကြ” ရန် အခွင့်အရေးရှာယူနိုင်သည်။ (ဂလ. ၆:၁၀; ဟေဗြဲ ၁၃:၁၆) အသင်းတော်တွင်းရှိ ညီအစ်ကိုညီအစ်မ၊ လူကြီးလူငယ်ယောက်တိုင်းသည် “ခန္ဓာကိုယ်တစ်ခုလုံးကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်” ရာတွင်ပါဝင်နိုင်ကြသည်။

ထို့ပြင် ကျွန်ုပ်တို့သည် အသင်းတော်ဆောင်ရွက်နေသည့် အသက်ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်ရန် ကျွန်ုပ်တို့၏အရည်အချင်း၊ အစွမ်းခွန်အားနှင့် ဥစ္စာအင်ခွင်တို့ကို အသုံးပြုနိုင်သည်။ “သင်တို့သည် အခမဲ့ရကြသည်” ဟုယေရှုခရစ်မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။ “အခမဲ့ပေးကမ်းကြလော့” ဟုကိုယ်တော်မိန့်တော်မူခဲ့သည်။ (မ. ၁၀:၈) ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းဖြစ်သော အရေးကြီးသည့်လုပ်ငန်းတွင် အပြည့်အဝပါဝင်လုပ်ဆောင်ပါ။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) သင့်စွမ်းရည်သည် ထိုသို့လုပ်ဆောင်ရန် အကန့်အသတ်ဖြစ်နေသလော။ ယေရှုဖော်ပြခဲ့သည့် ဆင်းရဲသောမုဆိုးမကိုပြန်အမှတ်ရပါ။ သူပေးကမ်းသည့်အရာသည် အနည်းငယ်သာဖြစ်သည်။ သို့သော် ယေရှုက သူသည် အခြားသူအားလုံးထက် ပို၍ပေးကမ်းသည်ဟုမိန့်တော်မူခဲ့သည်။ သူ့အခြေအနေခွင့်ပြုသမျှအားလုံးကို သူပေးကမ်းခဲ့သည်။—၂ ကော. ၈:၁-၅၊ ၁၂

စိတ်ထားမှန်ဖြင့်လက်ခံပါ

မည်သို့ပင်ဖြစ်စေ အသင်းတော်မှအကူအညီကို သင်လက်ခံဖို့လိုသည့် အချိန်အခါများရှိလာနိုင်သည်။ ဤစနစ်၏ဖိစီးမှုများကို သင်ရုန်းကန်ဖြေရှင်းရချိန်တွင် အသင်းတော်မှပေးနိုင်သည့် မည်သည့်အကူအညီကိုမဆိုလက်ခံဖို့ ဘယ်တော့မျှမတွန့်ဆုတ်ပါနှင့်။ ယေဟောဝါသည် “အသင်းတော်ကိုထိန်းကျောင်း” ရန် အရည်အချင်းရှိပြီး ဂရုစိုက်တတ်သည့်အမျိုးသားများကို စီစဉ်ပေးထားသည်၊ စမ်းသပ်မှုများ၊ ဆင်းရဲခက်ခဲမှုများကြုံရချိန်တွင် သင့်အားထောက်ကူပေးရန်ဖြစ်သည်။ (တ. ၂၀:၂၈) အသင်းတော်ရှိအကြီးအကဲများနှင့် အခြားသူများသည် ခက်ခဲချိန်အတွင်း သင့်ကိုနှစ်သိမ့်ကာ အားပေးကူညီစောင့်ရှောက်လိုကြသည်။—ဂလ. ၆:၂; ၁ သက်. ၅:၁၄

သို့သော် လိုအပ်သောအကူအညီအချို့ သင်ရရှိချိန်တွင် ယင်းကိုစိတ်ထားမှန်နှင့်လက်ခံကြောင်း သေချာစေပါ။ သင်ရရှိသောအကူအညီကို ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် အမြဲလက်ခံပါ။ ယုံကြည်သူချင်းများကပေးလှာသည့် ယင်းသို့သောအကူအညီကို ဘုရားသခင်၏မဟာကြင်နာမှုဖော်ပြချက်အဖြစ် ရှုမြင်ပါ။ (၁ ပေ. ၄:၁၀) ယင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ လောကတွင်အများပြုကျင့်နေကြသည့်အတိုင်း ကျေးဇူးတင်စိတ်စိုးစဉ်းမျှမရှိဘဲ ကျွန်ုပ်တို့မခံယူလိုသောကြောင့်ဖြစ်သည်။

မျှတပြီး အကျိုးသင့်အကြောင်းသင့်ရှိပါ

ဖိလိပ္ပိမြို့ရှိအသင်းတော်သို့ရေးသော ပေါလု၏စာတွင် တိမောသေနှင့်ပတ်သက်၍ သူဤသို့ရေးခဲ့သည်– “ထိုသူကဲ့သို့ သင်တို့အကျိုးကိုအမှန်လိုလားသော စိတ်ထားမျိုးရှိသူ တစ်ယောက်မျှငါ၌မရှိ။” သို့သော် ပေါလု ထပ်ဆင့်၍ဤသို့ဆို၏– “အခြားသောသူရှိသမျှသည် ခရစ်တော်ယေရှု၏အကျိုးကိုမရှာဘဲ ကိုယ့်အကျိုးကိုသာ ရှာနေကြ၏။” (ဖိ. ၂:၂၀၊ ၂၁) ပေါလု၏အလေးအနက်ပြောဆိုချက်ကို စိတ်ထဲထားလျက် ယနေ့အချိန်တွင် ကျွန်ုပ်တို့သည် “ကိုယ့်အကျိုးကိုသာ” အာရုံစိုက်လွန်းသူဖြစ်ခြင်းကို မည်သို့ရှောင်ရှားနိုင်သနည်း။

ကျွန်ုပ်တို့၏အခက်အခဲများ ကိုင်တွယ်ဖြေရှင်းရာတွင်ကူညီဖို့ အသင်းတော်ရှိအခြားသူတို့ကိုတောင်းဆိုသည့်အခါ သူတို့၏အချိန်နှင့်ဂရုစိုက်မှုကိုပေးရန် ဘယ်တော့မျှအတင်းအကျပ်တောင်းဆိုခြင်း မပြုသင့်ချေ။ အဘယ်ကြောင့်နည်း။ ဤအချက်ကိုစဉ်းစားပါ– အရေးပေါ်ကိစ္စကို ဖြေရှင်းကူညီရာတွင် ညီအစ်ကိုတစ်ဦးသည် ရုပ်ပစ္စည်းအကူအညီအချို့ပေးခဲ့ပါက ကျွန်ုပ်တို့အမှန်ပင်ကျေးဇူးတင်မည်မှာ သေချာသည်။ သို့သော် ယင်းသို့သောရုပ်ပစ္စည်းအကူအညီကို သူ့ထံမှ ကျွန်ုပ်တို့အမြဲတောင်းဆိုပါမည်လော။ တောင်းမည်မဟုတ်ပါ။ ထိုနည်းတူ မေတ္တာရှိသောညီအစ်ကိုများသည် ကျွန်ုပ်တို့ကိုကူညီရန် အမြဲပျော်ရွှင်ကြသော်လည်း သူတို့အချိန်ပေးပုံပေးနည်းကို ကျွန်ုပ်တို့မျှော်လင့်ရာတွင် မျှတပြီးအကျိုးသင့်အကြောင်းသင့်ရှိဖို့လိုသည်။ အမှန်မှာ ခက်ခဲသောအခြေအနေကိုဖြေရှင်းရန် ယုံကြည်သူချင်းများပေးလာသည့် မည်သည့်အကူအညီကိုမဆို သူတို့စိတ်လိုကိုယ်လျောက်ပြုလုပ်ကြဖို့ ကျွန်ုပ်တို့လိုလားပေမည်။

ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများသည် သင့်ကိုကူညီရန် အစဉ်တလိုတလား၊ အသင့်ရှိနေမည်ဖြစ်ကြောင်း စိတ်ချပါ။ သို့သော် တစ်ခါတစ်ရံ သင်လိုအပ်သမျှအားလုံးကိုပြည့်မီအောင် သူတို့ကူညီပေးနိုင်မည်မဟုတ်ပေ။ ထိုသို့ဖြစ်ပါက ယေဟောဝါသည် ဆာလံဆရာကိုကူညီခဲ့သကဲ့သို့ မည်သည့်စုံစမ်းမှုပင် သင်ကြုံရပါစေ ကိုယ်တော်သည် သင့်ကိုကူညီမည်ဖြစ်ကြောင်းစိတ်ချပါလေ။—ဆာ. ၁၁၆:၁၊ ၂; ဖိ. ၄:၁၀-၁၃

ထို့ကြောင့် သင့်အတွက်ယေဟောဝါပြုလုပ်ပေးတော်မူသည့် မည်သည့်အစီအစဉ်ကိုမဆို ကျေးဇူးတင်စွာလက်ခံရန် မတွန့်ဆုတ်ပါနှင့်—အထူးသဖြင့် ဘေးအန္တရာယ်နှင့် အခက်အခဲကြုံရချိန်တို့တွင်ဖြစ်သည်။ (ဆာ. ၅၅:၂၂) ကိုယ်တော်သည် သင့်ကို ထိုသို့ကျေးဇူးတင်စွာလက်ခံစေလိုသည်။ သို့သော် ကိုယ်တော်သည် သင့်ကို “စေတနာစိတ်နှင့် လှူသောသူ” လည်းဖြစ်စေလိုသည်။ ထို့ကြောင့် စစ်မှန်သောဝတ်ပြုရေးကိုထောက်မရာတွင် သင့်အခြေအနေခွင့်ပြုသရွေ့ မည်သည့်အရာဖြစ်ပါစေ “[သင့်] နှလုံး၌ဆုံးဖြတ်ထားသည့်အတိုင်း” အပြည့်အဝပေးလှူပါလေ။ (၂ ကော. ၉:၆၊ ၇) ဤသို့ဖြင့် သင်သည် ကျေးဇူးတင်စွာ လက်ခံသူရော စိတ်နှလုံးအကြွင်းမဲ့ပေးကမ်းသူပါ ဖြစ်လာနိုင်ပါလိမ့်မည်။

[စာမျက်နှာ ၃၁ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံများ]

‘ငါ၌ ယေဟောဝါပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း’—ဆာ. ၁၁၆:၁၂

▪ “လူတိုင်းကိုကောင်းမှုပြု” ရန် အခွင့်အရေးရှာယူပါ

▪ အခြားသူများအတွက် အားပေးမှုနှင့် ဝိညာဉ်ရေးလန်းဆန်းမှုရင်းမြစ်ဖြစ်ပါ

▪ သင့်အခြေအနေခွင့်ပြုသရွေ့အတတ်နိုင်ဆုံး တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ပါ